စစ်ကိုင်းတိုင်း ၊ ရေဦးမြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်ပြိုကျသဖြင့် အပြင်ဘက်သို့ ထွက်ပြေးသူ အဘွားအိုတစ်ဦး သစ်ပင်ပိ၍ သေဆုံးခဲ့ကြောင်း သိရသည်။
ဧပြီ ၂၂ ရက် ညနေပိုင်းတွင် ရေဦးမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှု ပြင်းထန်နေစဉ် မီးမောင်းကုန်းကျေးရွာမှ အသက် ၈၀ ကျော်အရွယ် အဘွားအိုတစ်ဦး သစ်ပင်ပိ၍ သေဆုံးခဲ့ကြောင်း People’s Defense Comrade(ရေဦးမြို့နယ် အနောက်ခြမ်းဇုန် သတင်းဆက်သွယ်ရေး)မှ ယနေ့(ဧပြီ ၂၃ ရက်) သတင်းထုတ်ပြန်ထားသည်။
“သေဆုံး တစ်ဦးပါပဲ။ ထိခိုက်ဒဏ်ရာရတဲ့သူတော့ အစ်ကိုတို့ အနေနဲ့ အတည်ပြုချက် မရသေးပါဘူး။ မနေ့ကလည်း နေ့ခင်း တအားပူပြီးမှ ညနေပိုင်းမှ လေကျလာတာပါ။ ဒီနေ့ တစ်နေကုန်တော့ နေတ အားပူနေတယ်။ ဒီရာသီက နေ့ခင်းပိုင်းတအားပူပြီး ညနေပိုင်းအချိန်တွေမှ လေကျတာတွေရှိတယ်” ဟု ရေဦးမြို့နယ် အနောက်ခြမ်းဇုန် သတင်းဆက်သွယ်ရေးတာဝန်ခံ ထူးခန့်ဇော်(အမေ့သား)က MPA သို့ပြောသည်။
ယင်းလေပြင်းကြောင့် စာသင်ကျောင်းတစ်ကျောင်း ထိခိုက်ပျက်စီးခဲ့ပြီး ကျေးရွာ ၃၀ ဝန်းကျင်မှ အိမ်ခြေ ၅၀ ကျော်လည်း ပျက်စီးခဲ့ကြောင်း သိရသည်။
“စာသင်ကျောင်းက တစ်ကျောင်းတည်းပါ။ အမိုးတွေကတော့ ကျောင်းဆောင်တစ်ခုလုံး လန်ပြီးပျက် စီးသွားတယ်။ ပြိုကျတာမျိုးတော့ မရှိပါဘူး။ အိမ်ပျက်စီးတာကတော့ အလုံးလိုက်ပြိုကျတာလည်း ရှိတယ်။ အမိုး အကာအရံပျက်စီးတာတွေရှိတယ်။ ခေါင် သွပ်တွေလန်ပြီး ပျက်စီးတာတွေလည်းရှိပါ တယ်”ဟု ၎င်းကဆက်လက်ပြောသည်။
နေအိမ်ပျက်စီးသွားသည့် ပြည်သူများသည် နီးစပ်ရာ ဆွေမျိုးသားချင်းအိမ်များတွင် နေထိုင်နေရပြီး စာသင်ကျောင်းနှင့် နေအိမ်များ ပြန်လည်ပြုပြင်ရန် အကူအညီလိုအပ်နေကြောင်း သိရသည်။
