ဟော်မုဇ် ရေလက်ကြား အတွင်း ရေမြှုပ်မိုင်းထောင်နေသည့် “မည်သည့်သင်္ဘောကို မဆို ပစ်သတ်ရန်” သမ္မတ ဒေါ်နယ်ထရန့်က အမေရိကန် ရေတပ်ကို ညွှန်ကြားထားကြောင်း ဧပြီ ၂၃ တွင် ပြောကြား သည်။
ထို့အပြင် အမေရိကန် ရေမြှုပ်မိုင်းရှင်းလင်းရေး သင်္ဘောများသည် ရေပြင်အတွင်းရှိ မိုင်းများကို ဖယ်ရှားရန်အတွက် အရှိန် သုံးဆ တိုးမြှင့် လုပ်ဆောင်နေကြောင်းလည်း ထရန့်ဆိုသည်။
“ဟော်မုဇ် ရေလက်ကြား ရေပြင်ထဲမှာ မိုင်းထောင်နေတဲ့ ဘယ်လိုသင်္ဘောမျိုးကိုမဆို၊ အဲဒါက လှေအငယ်လေးတွေ ဖြစ်နေပါစေဦးတော့… ပစ်သတ်ဖို့ အမေရိကန် ရေတပ်ကို အမိန့်ပေးထားပါတယ်” ဟု ထရန့်က ရေးသားခဲ့ပြီး အီရန်၏ ရေတပ်သင်္ဘောများအားလုံးမှာ ပင်လယ်ကြမ်းပြင်သို့ ရောက်ရှိနေပြီဖြစ်ကြောင်းလည်း ထည့်သွင်းပြောဆိုခဲ့သည်။
“တုံ့ဆိုင်းနေဖို့ မလိုပါဘူး။ ဒါ့အပြင် ကျွန်တော်တို့ရဲ့ မိုင်းရှင်းလင်းရေး သင်္ဘောတွေဟာ အခုအချိန်မှာ ရေလက်ကြားကို ရှင်းလင်းနေပါတယ်။”
ထို့အပြင် အမေရိကန်အနေဖြင့် အဆိုပါ ရေလက်ကြားအပေါ် “အကြွင်းမဲ့ ထိန်းချုပ်မှု” ရရှိထားကြောင်းလည်း ထရန့်က အထောက်အထားမရှိဘဲ ပြောကြားခဲ့သည်။
“အမေရိကန် ရေတပ်ရဲ့ ခွင့်ပြုချက်မပါဘဲ ဘယ်သင်္ဘောမှ အဝင်အထွက် မလုပ်နိုင်ပါဘူး။ အီရန်ဘက်က သဘောတူညီချက် တစ်ခုခု မလုပ်ဆောင်နိုင်မချင်း ဒီနေရာကို ‘တင်းကျပ်စွာ ပိတ်ဆို့’ ထားမှာ ဖြစ်ပါတယ်” ဟု ၎င်းက ရေးသားခဲ့သည်။
အီရန်က ထောင်ထားသော ရေမြှုပ်မိုင်းများကို ဟော်မုဇ် ရေလက်ကြားအတွင်းမှ အပြီးသတ် ဖယ်ရှားရန် ခြောက်လခန့် ကြာမြင့်နိုင်ကြောင်း ပင်တဂွန်၏ အကဲဖြတ်ချက်ကို ကိုးကား၍ ဝါရှင်တန်ပို့စ် (The Washington Post) သတင်းစာက အစောပိုင်းတွင် ဖော်ပြခဲ့သည်။
အီရန်သည် ရေလက်ကြားအတွင်းနှင့် ပတ်ဝန်းကျင်တွင် မှိုင်းအလုံးရေ ၂၀ သို့မဟုတ် ထို့ထက်မက ချထားနိုင်ကြောင်း၊ အချို့မှာ ရှာဖွေတွေ့ရှိရန် ခက်ခဲသော GPS နည်းပညာသုံး အဝေးထိန်းစနစ်ဖြင့် မျှောထားသည့် မှိုင်းများဖြစ်ကြောင်း လွှတ်တော်အမတ်များကို ပြောကြားခဲ့သည်ဟု အဆိုပါ အစီရင်ခံစာအရ သိရသည်။
ပင်တဂွန် ပြောရေးဆိုခွင့်ရှိသူ တစ်ဦးကမူ ဝါရှင်တန်ပို့စ်၏ အစီရင်ခံစာသည် “လျှို့ဝှက်တံခါးပိတ် ရှင်းလင်းပွဲ” တစ်ခုအပေါ် အခြေခံထားသော်လည်း အချက်အလက် အများစုမှာ “မှားယွင်းနေသည်” ဟု AFP သတင်းဌာနသို့ ပြောကြားခဲ့သည်။
“ဟော်မုဇ် ရေလက်ကြားကို ခြောက်လကြာ ပိတ်ထားဖို့ဆိုတာ မဖြစ်နိုင်သလို ဝန်ကြီးအနေနဲ့လည်း ဒါကို လုံးဝ လက်ခံမှာ မဟုတ်ပါဘူး” ဟု ပင်တဂွန် ပြောရေးဆိုခွင့်ရှိသူ ရှောင်ပါနဲလ် က AFP သို့ ပေးပို့သော ထုတ်ပြန်ချက်တွင် အဆိုပါ သတင်းကို ငြင်းဆိုထားသည်။
