မြောက်ကိုရီးယားနှင့် ရုရှားတို့အကြားရှိ Tumen River ကို ဖြတ်ကျော်၍ နှစ်နိုင်ငံကို ဆက်သွယ်ပေးမည့် လမ်းကူးတံတားသစ်ကို အမြန်ဆုံးဖွင့်လှစ်ရန် ပြင်ဆင်နေကြောင်း မြောက်ကိုရီးယားအစိုးရပိုင် သတင်းဌာန KCNA က ဧပြီ ၂၃ တွင် ဖော်ပြခဲ့သည်။
လွန်ခဲ့သည့် တစ်နှစ်ခန့်က စတင်ခဲ့သည့် ယင်းစီမံကိန်းသည် ခရီးသွားလုပ်ငန်း၊ ကုန်သွယ်ရေးနှင့် လူအဝင်အထွက် သွားလာမှုများအပါအဝင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန်အတွက် “အရေးကြီးသော လုပ်ငန်းစဉ်” တစ်ခုဖြစ်ကြောင်း KCNA က ဆိုသည်။
ရုရှား၏ အဝေးပြေးလမ်းမကြီးစနစ်နှင့် ချိတ်ဆက်မည့် အရှည် ၈၅၀ မီတာရှိသော အဆိုပါတံတား တည်ဆောက်ရေးကို ၂၀၂၄ ခုနှစ်အတွင်း သမ္မတ ဗလာဒီမာ ပူတင်၏ မြောက်ကိုရီးယား ခရီးစဉ်အတွင်း သဘောတူညီခဲ့ကြခြင်း ဖြစ်သည်။
အဆိုပါ တံတားကို ကိုရီးယားစစ်ပွဲအပြီး ၁၉၅၉ ခုနှစ်တွင် စတင်အသုံးပြုခဲ့သည့် လက်ရှိ “ချစ်ကြည်ရေးတံတား” (Friendship Bridge) ရထားလမ်းတံတား၏ အနီးတွင် တည်ဆောက်နေခြင်း ဖြစ်သည်။
ဖွင့်ပွဲအခမ်းအနားကို မကြာမီ ကျင်းပမည်ဟု KCNA က ဆိုသော်လည်း ရက်စွဲအတိအကျကိုမူ မဖော်ပြထားပေ။
ပြုံယမ်းရှိ ရုရှားသံရုံးကမူ တံတားတည်ဆောက်မှုမှာ ဇွန်လ ၁၉ ရက်နေ့တွင် ပြီးစီးမည်ဖြစ်ကြောင်း Telegram တွင် ရေးသားထားသည်။
ရုရှားအရှေ့ဖျားဒေသ ပရီမော့စကီး နယ်မြေ အုပ်ချုပ်ရေးမှူး အိုလက် ကိုဇမ်မြာကို က တံတားပေါ်မှ တစ်ရက်လျှင် ကားအစီးရေ ၃၀၀ အထိ ဖြတ်သန်းသွားလာနိုင်မည်ဟု ဆိုသည်။
ရုရှားနှင့် မြောက်ကိုရီးယားတို့သည် ၂၀၂၄ ခုနှစ်အတွင်း ပူတင်၏ ပြုံယမ်းခရီးစဉ်အတွင်း “ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးစာချုပ်” ကို လက်မှတ်ရေးထိုးခဲ့ကြသည်။
အဆိုပါစာချုပ်တွင် အပြန်အလှန် ကာကွယ်ရေးဆိုင်ရာ ပြဋ္ဌာန်းချက်များ ပါဝင်ပြီး ယူကရိန်း၏ ထိုးဖောက်ဝင်ရောက်မှု ကြုံတွေ့ခဲ့ရသည့် ရုရှားအနောက်ပိုင်း ကာ့စ်ခ် (Kursk) ဒေသရှိ ရုရှားတပ်ဖွဲ့များနှင့်အတူ တိုက်ပွဲဝင်ရန် မြောက်ကိုရီးယားက စစ်သည်ထောင်ပေါင်းများစွာ စေလွှတ်ထားသည်။
တရုတ်နိုင်ငံသည်လည်း နယ်စပ်ဖြတ်ကျော် အခြေခံအဆောက်အအုံများကို အားကောင်းအောင် လုပ်ဆောင်ရန်နှင့် မြောက်ကိုရီးယားနှင့် ဆက်ဆံရေး ပြန်လည်တည်ဆောက်ရန် ကြိုးပမ်းနေပြီး၊ ပြီးခဲ့သည့်လတွင် ခြောက်နှစ်ကြာ ရပ်နားထားသော နှစ်နိုင်ငံအကြား ခရီးသည်တင် ရထားခရီးစဉ်ကို ပထမဆုံးအကြိမ် ပြန်လည်စတင်နိုင်ခဲ့သည်။
