အမေရိကန်အနေဖြင့် စစ်ပွဲမှ “အရှက်မကွဲဘဲ” ထွက်ခွာနိုင်မည့်နည်းလမ်းကို ရှာဖွေနေကြောင်း အီရန်ကာကွယ်ရေးဝန်ကြီးဌာနက ပြောရေးဆိုခွင့်ရှိသူက ယနေ့ ဧပြီ ၂၅ ရက်တွင် ပြောကြားသည်။
ဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူက “အီရန်ရဲ့ စစ်ရေးစွမ်းအားဟာ ဒီနေ့မှာ လွှမ်းမိုးထားနိုင်တဲ့ အင်အားတစ်ရပ်ဖြစ်နေပြီး ရန်သူဟာ သူတို့ကိုယ်တိုင် ပိတ်မိနေတဲ့ စစ်ပွဲရွှံ့နွံထဲကနေ သိက္ခာရှိရှိ ထွက်ခွာနိုင်မယ့်လမ်းကို ရှာနေတာဖြစ်တယ်” ဟု ပြောကြားခဲ့ကြောင်း အီရန်နိုင်ငံပိုင် မီဒီယာဌာနတစ်ခုဖြစ်သည့် ISNA က ဖော်ပြသည်။
အမေရိကန်သမ္မတဒေါ်နယ်ထရန့်၏ အထူးကိုယ်စားလှယ်များဖြစ်ကြသော စတိဗ်ဝစ်တော့ဖ်နှင့် ဂျားကက်ရှ်နာတို့သည် အီရန်နှင့် ဆွေးနွေးပွဲအတွက် ပါကစ္စတန်နိုင်ငံ၊ အစ္စလာမ္မာဘတ်မြို့သို့ သွားရောက်နေချိန်တွင် ယခုကဲ့သို့ မှတ်ချက်ပြုချက် ထွက်ပေါ်လာခြင်းဖြစ်သော်လည်း တိုက်ရိုက်ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ရန် အစီအစဉ်မရှိကြောင်း အီရန်အစိုးရပိုင်မီဒီယာများက ဆိုသည်။
