လုံးခင်းသင်္ချိုင်းတွင် တော်လှန်ရေးဒရုန်းဗုံး ထိမှန်ကာ စစ်သား ၁၂ ဦး သေ

ဓာတ်ပုံ - Naw Tu Awng Facebook
ပုံစာ - ဧပြီ ၂၁ရက်က ဒရုန်းဗုံးထိ၍ သေဆုံး၊ ဒဏ်ရာရခဲ့သည့်စစ်သားများကို ကားဖြင့် သယ်ဆောင်သွားစဉ်

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာသင်္ချိုင်းတွင် စစ်သားများ ဒရုန်းဗုံးထိမှန်ကာ ၁၂ဦးသေဆုံးခဲ့ကြောင်း သိရသည်။

ဧပြီ ၂၅ရက်၊ မွန်းတည့် ၁၂နာရီခန့်က လုံးခင်းကျေးရွာ သင်္ချိုင်းကုန်းတွင် နေရာယူထားသည့် စစ်သားများကို တော်လှန်ရေးတပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဖားကန့်မြို့စစ်ရေးသတင်းရင်းမြစ်ထံက သိရသည်။

” သင်္ချိုင်းကုန်းက စစ်သားတွေကို တော်လှန်ရေးအင်အားစုဘက်ကနေ ဒရုန်းနဲ့လာချတာပါ။ ဘယ်နှစ်လုံးချလဲတော့ မသိရဘူး။ ၁၂ဦးသေဆုံးပါတယ်။ အလောင်းတွေတော့ ပြန်သယ်သွားပြီလို့ သိရတယ်။ ပြည်သူ့နေအိမ်တချို့လည်း ထိခိုက်ပျက်စီး မီးလောင်တာရှိခဲ့ပါတယ်” ဟု ၎င်းက MPA ကို ပြောသည်။

ယင်းနောက် ညနေပိုင်းတွင် လုံးခင်းကျေးရွာအုပ်စုအတွင်း အိမ်စီးကားဖြင့် ကင်းလှည့်နေသော စစ် သားများက မှော်စီစာရွာ၊စိန်စိန်ဆီဆိုင် မျက်စောင်းထိုးရေအိုင်၌ ရေချိုးနေသူတစ်ဦး၊ အောင်သာ ယာရွာတွင် တစ်ဦးနှင့် လုံးခင်းဂေါက်ကွင်းအနီးတွင် တစ်ဦးတို့ကို သေနတ်ဖြင့် ပစ်သတ်ခဲ့သည်။

” အလောင်းတွေတော့ ပြန်ရပါတယ်။ အမျိုးသားတွေချည်းပါ” ဟု ၎င်းက ဆက်လက်ပြောသည်။

ဧပြီ ၂၁ရက်၊ မွန်းလွဲ ၂ နာရီခန့်က လုံးခင်းကျေးရွာအုပ်စု၊ အောင်ရာရွာတွင် ပြည်သူများကို ဓားပြ တိုက်နေသော စစ်သားများအား တော်လှန်ရေးတပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ၅ဦးသေဆုံးခဲ့သေးသည်။

ဖားကန့်မြို့နယ်တွင် စစ်တပ်၏ စစ်ရေးလှုပ်ရှားမှုကြောင့် တိုက်ပွဲဖြစ်ပွားနိုင်ခြေရှိသဖြင့် ဖားကန့် – နန့်ယား – ကာမိုင်းလမ်းကို ပြည်သူများသွားလာခြင်းမပြုရန် KIA က ဧပြီ ၂၂ရက်၌ တားမြစ်မိန့် ထုတ်ပြန်ထားသည်။

စစ်သားများ သေဆုံးမှုကို MPA အနေဖြင့် သီးခြားအတည်မပြုနိုင်ပေ။