ထိုင်းနိုင်ငံတွင် နိုင်ငံခြားသားအမည်ခံ စီးပွားရေးလုပ်ငန်းများကို အစိုးရက အရှိန်အဟုန်မြှင့် နှိမ်နင်းနေ

ဓာတ်ပုံ - DBD
ပုံစာ - ထိုင်းအစိုးရတာဝန်ရှိသူများ မတ်လ ၅ ရက်နေ့က ရာချာဘူရီခရိုင်ရှိ အုန်းသီးအချောထည်ထုတ်လုပ်သည့် စက်ရုံတစ်ရုံသို့ သွားရောက်စစ်ဆေးခဲ့စဉ်။

ထိုင်းအစိုးရက နိုင်ငံခြားသားများ အမည်ခံပိုင်ဆိုင်ထားသည့် လုပ်ငန်းများနှင့် ငွေကြေးခဝါချမှုများကို တိုက်ဖျက်ရန် ဥပဒေများကို တင်းကျပ်ခြင်း၊ စုံစမ်းစစ်ဆေးမှုများ တိုးချဲ့ခြင်းနှင့် ဌာနဆိုင်ရာအချင်းချင်း အချက်အလက်ဖလှယ်ခြင်းများကို ပိုမိုအားကောင်းအောင် လုပ်ဆောင်နေပါသည်။

ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ရာချဒါက ယခုလုပ်ဆောင်ချက်များသည် အစောပိုင်းက ကျင့်သုံးခဲ့သည့် Quick Big Win မူဝါဒ၏ နောက်ဆက်တွဲ အောင်မြင်မှုများဖြစ်ပြီး ယင်းမူဝါဒကြောင့် တရားမဝင် အမည်ခံကုမ္ပဏီအရေအတွက်မှာ သိသိသာသာ လျော့ကျသွားခဲ့ကြောင်း ဧပြီလ ၂၆ ရက် နေ့တွင် ပြောကြားသည်။

ယင်းမူဝါဒသည် ထိုင်းနိုင်ငံ၏ စီးပွားရေးပတ်ဝန်းကျင်ကို ထိခိုက်စေသည့် လုပ်ရပ်များဖြစ်သော နိုင်ငံခြားသားလုပ်ငန်းရှင်များက ထိုင်းနိုင်ငံသားအမည်ခံ၍ လုပ်ငန်းလုပ်ကိုင်ခြင်းများကို ထိရောက်မြန်ဆန်စွာ အရေးယူရန် ရည်ရွယ်ခြင်းဖြစ်သည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၁ ရက်နေ့မှစတင်၍ အမည်ခံလုပ်ငန်းဟု သံသယရှိရသည့် ကုမ္ပဏီများကို မှတ်ပုံတင်ခွင့်မပြုမီ ငွေကြေးဆိုင်ရာ အထောက်အထားများကို ထပ်တိုးတင်ပြရန် သတ်မှတ်ခဲ့ သည်။

ထို့ကြောင့် ၂၀၂၆ ခုနှစ်၏ ပထမသုံးလပတ်တွင် အမည်ခံကုမ္ပဏီအရေအတွက်မှာ ၁,၃၇၃ ခုသာရှိတော့သည့်အတွက် ယခင်နှစ် အလားတူကာလက ရှိခဲ့သည့် ၃,၅၁၁ ခုနှင့် နှိုင်းယှဉ်ပါက ၆၀ ရာခိုင်နှုန်းခန့် ကျဆင်းသွားကြောင်း ချဒါက ပြောကြားခဲ့သည်။

ဧပြီလ ၁ ရက်နေ့မှစ၍ ရင်းနှီးမြှုပ်နှံမှုစစ်ဆေးမှုများကို ပိုမိုတင်းကျပ်ခဲ့ရာ ဧပြီလ ၁ ရက်မှ ၂၃ ရက်အတွင်း အန္တရာယ်ရှိသည့် ကုမ္ပဏီပေါင်း ၁၇၅ ခုကိုသာ တွေ့ရှိရတော့သည့်အတွက် ယခင်နှစ်ထက် ၇၅ ရာခိုင်နှုန်းအထိ ထပ်မံလျော့ကျသွားခြင်း ဖြစ်သည်။

နောက်တစ်ဆင့်အနေဖြင့် အမည်ခံလုပ်ငန်းကွန်ရက်များကို အတွင်းကျကျ စုံစမ်းစစ်ဆေးခြင်း၊ လုပ်ငန်းခွင်အတွင်း ကွင်းဆင်းစစ်ဆေးခြင်းနှင့် ထိုင်းဥပဒေကို ချိုးဖောက်နေသည်ဟု သံသယရှိရသည့် နိုင်ငံခြားသားပိုင်လုပ်ငန်းများကို အသေအချာစိစစ်ခြင်းများကို အာရုံစိုက်လုပ်ဆောင်သွားမည် ဖြစ် သည်။

ပြီးခဲ့သည့်နှစ် အောက်တိုဘာလ ၁ ရက်နေ့မှ ယခုနှစ် ဧပြီလ ၂၃ ရက်နေ့အထိ စာရင်းများအရ လုပ်ငန်းပေါင်း ၃၀၀ ကျော်နှင့် ဆက်နွှယ်နေသည့် အန္တရာယ်ရှိအုပ်စု ၁၁ စုကို ဖော်ထုတ်နိုင်ခဲ့ပြီး ဗဟိုစုံစမ်းစစ်ဆေးရေးဗျူရိုထံ အမှုလွှဲပြောင်းပေးထားပြီး ဖြစ်သည်။

ခရိုင်ပေါင်း ၁၀ ခုရှိ နေရာ ၂၇ ခုကို ဝင်ရောက်စစ်ဆေးခဲ့ပြီး ရရှိလာသည့် အချက်အလက်များကို ဌာနပေါင်း ၉ ခုနှင့် မျှဝေကာ အရေးယူမှုများ လုပ်ဆောင်နေသကဲ့သို့ နိုင်ငံခြားသားနှင့် ပတ်သက်ဆက်နွှယ်နေသည့် ကုမ္ပဏီပေါင်း ၄,၃၇၂ ခုကိုလည်း စစ်ဆေးလျက်ရှိသည်။

ထိုင်းအစိုးရသည် ဧပြီလ ၂၉ ရက်နေ့တွင် ဌာနဆိုင်ရာ ၂၁ ခုကြား ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်ကို အစိုးရအဖွဲ့ရုံး၌ လက်မှတ်ရေးထိုးသွားမည် ဖြစ်သည်။