ဆောမြို့နယ်အတွင်းရှိ ချင်းနှင့် ရခိုင်အဝင် ကုန်လမ်းကြောင်းပေါ်တွင် စစ်တပ် အထိုင်ချ

ဓာတ်ပုံ - Min Datha
ပုံစာ - ကံကြီးရွာလမ်းဆုံ။ ( ပုံဟောင်း )

မကွေးတိုင်း၊ ဆောမြို့နယ်အတွင်းရှိ ချင်းနှင့် ရခိုင်အဝင် ကုန်လမ်းကြောင်းပေါ်တွင် စစ်တပ် အထိုင်ချလိုက်ကြောင်း သိရသည်။

ဧပြီ ၂၅ရက်ကစပြီး ဆောမြို့နယ်၊ ကံကြီးရွာကို ကျောက်ထုမြို့ အမတ ၃၆၈ တပ်ရင်းမှ ထွက်လာ သော စစ်သား ၂၀၀ ခန့်တို့ စစ်ကြောင်းထိုးဝင်ရောက်ခဲ့ပြီး အထိုင်ချကာ ယင်းလမ်းပိုင်းကို ထိန်းချုပ် လိုက်ကြောင်း သိရသည်။

” အထိုင်ချသွားတာတော့ ၃ရက်ရှိပြီ။ ဒီလမ်းကြောင်းက မကွေး – ချင်း – ရခိုင်ကုန်လမ်းကြောင်းလို့ ပြောလို့ရတယ်။ ဒီရွာမှာ အထိုင်ချသွားပြီဆိုရင် ချင်းနဲ့ ရခိုင်ကုန်ဝင်လမ်းကြောင်း တစ်ခု ဆုံးရှုံးသွား မယ်ပေါ့။ စစ်တပ်အထိုင်ချတာလည်း ဒါကြောင့်လည်း ဖြစ်နိုင်တယ်ပေါ့နော်။ စစ်ရေးအရကတော့ အရေးပါ၊မပါကတော့ ပြောစရာမရှိပါဘူး။ဒေသတွင်းမှာကျ ကုန်အဝင်မရှိရင် ကုန်ဈေးနှုန်းတက် လာမယ်။ ပြည်သူတွေပဲ ပိုကျပ်တည်းလာမှာပေါ့ ” ဟု ဆောမြို့နယ်ရှိ တော်လှန်ရေးတပ်များနှင့် နီးစပ်သူတစ်ဦးက MPA ကို ပြောသည်။

စစ်သားများသည် ကံကြီးရွာအတွင်းရှိ လမ်းဆုံ၊လမ်းခွများတွင် ကင်းပုန်း၀ပ်ကာ ဖြတ်သန်းသွားလာသည့် ပြည်သူများကို တားဆီး စစ်ဆေးခြင်းများလည်း ပြုလုပ်နေကြောင်း သိရသည်။

” ဖမ်းဆီးခံရတဲ့သတင်းတွေတော့ လက်ရှိအချိန်ထိ မကြားမိသေးဘူးပေါ့နော်။ ပလက်ဝကဆင်း လာတဲ့ ကုန်ကားတစ်စီး အဖမ်းခံထားရတယ်လို့ သတင်းရပေမဲ့ အသေအချာအတည်မပြုနိုင်သေးဘူး ဖြစ်နေတယ်ဗျ။ ကုန်ကားတွေ ပိတ်မိနေတဲ့အခြေအနေတော့ မရှိသေးပါဘူးဗျ” ဟု ၎င်းက ဆက် လက်ပြောသည်။

ယနေ့ ( ဧပြီ ၂၇ရက် ) မွန်းလွဲ ၃နာရီခန့်မှစ၍ ဆော – ကျောက်ထု နှင့် ကံကြီး – မင်းတပ် ကား လမ်းပိုင်းကို ပြည်သူများ ဖြတ်သန်းသွားလာခြင်း မပြုလုပ်ကြရန် ဒေသတွင်း တော်လှန်ရေး တပ်များက ထုတ်ပြန်ထားသည်။

ကံကြီးရွာသည် ဆောမြို့နှင့် ၁၉မိုင်ခန့်အကွာ၊ ကျောက်ထုမြို့နှင့် ၇မိုင်ခန့်အကွာနှင့် မင်းတပ်မြို့နှင့် ၁၃မိုင်ခန့်အကွာတွင် တည်ရှိသည်။