ခါးသီးမှုတွေကြားမှာ နေသားကျသွားရတဲ့ နှလုံးသားများ

“အခုအခြေအနေမှာ စားဝတ်နေရေးအတွက် ရုန်းကန်ရတာမျိုးရယ်၊ ခေတ်ပျက်ကြီးထဲမှာ ရှင်သန်နေရတာတွေက အိပ်မက်ဆိုးလိုပဲ။ အာဏာရှင်အုပ်ချုပ်နေသရွေ့ ဒီထက်ပိုဆိုးတာမျိုးနဲ့ ကြုံရနိုင်တယ်ဆိုတဲ့ စိတ်မျိုးနဲ့ပဲ စိတ်ဖြေနေရတယ်” လို့ အသက် ၃၀ အရွယ် ရန်ကုန်မြို့နေ အမျိုးသမီးတစ်ဦးက ဖွင့်ဟပါတယ်။

“အာဏာသိမ်း ၅ နှစ်ကျော်အကြာ မြို့ပြရဲ့ Normalization နဲ့ ခါးသီးတဲ့ ပကတိတရား”

အာဏာသိမ်းပြီး ၅ နှစ်ကျော်အကြာ မြန်မာပြည်ရဲ့ မြို့ကြီးတွေမှာ “ကဖေးဆိုင်တွေ ပြန်စည်လာတာ၊ ပွဲလမ်းသဘင်တွေ ရှိလာတာဟာ အရာအားလုံး ပြေလည်သွားပြီလား” လို့ ဆိုရင် တကယ်တော့ ဒါဟာ မြို့ပြသားတွေရဲ့ ရင်ထဲမှာ ငိုရင်းရယ်နေရတဲ့၊ မူမမှန်မှုတွေကို ပုံမှန်လို ဟန်ဆောင်နေထိုင်ရတဲ့ Normalization (အသားကျယဉ်ပါးမှု) ရဲ့ နောက်ကွယ်က ခါးသီးတဲ့ ပကတိတရားတွေပဲ ဖြစ်ပါတယ်။

မြန်မာ့နွေဦး အာဏာသိမ်းမှု ၅ နှစ်တာ ကာလအတွင်းမှာ မြို့ပြနေပြည်သူတွေရဲ့ ဘဝဟာလည်း အရင်က မတွေးဝံ့စရာ အခြေအနေတွေကြားမှာ နစ်မွန်းနေခဲ့ရပါတယ်။

တစ်ခါတလေ ပြင်ပက ကြည့်ရင် ဆိုင်တွေပြန်ဖွင့်၊ လူတွေသွားလာနေကြတာ၊ ပွဲလမ်းသဘင်တွေမှာ လူတွေ စည်ကားနေကြတာမို့ ဒီအာဏာသိမ်းခံရတဲ့ အခြေအနေကို “အသားကျသွားပြီ (Normalization)” လို့ ထင်မှတ်စရာရှိပေမဲ့၊ တကယ်တော့ ဒါဟာ အသားကျတာ မဟုတ်ဘဲ မူမမှန်တဲ့ စနစ်ဆိုးအောက်မှာ မတတ်သာလို့ ရှင်သန်နေထိုင်နေရတဲ့ အခြေအနေများသာ ဖြစ်ပါတယ်။

“မေ့ဆေးတစ်ခွက်နဲ့ ဝါဒဖြန့်ချိရေး သင်္ကြန်”

ပြီးခဲ့သည့် မြန်မာ့နှစ်သစ်ကူး သင်္ကြန်ကာလမှာဆိုရင်လည်း မြို့ပြရဲ့သင်္ကြန်ဟာ ရေပက်ကစားခြင်းထက် နိုင်ငံရေးအရ ပုံရိပ်ဖော်ခြင်း တစ်ခုလို ဖြစ်လာခဲ့ပါတယ်။

မဏ္ဍပ်တွေရှေ့မှာ ကခုန်နေကြတဲ့ လူအုပ်ကြီးကိုကြည့်ပြီး “တိုင်းပြည်ဟာ ပုံမှန်အတိုင်း အေးချမ်းနေပါပြီ” လို့ ဝါဒဖြန့်ဖို့ ကြိုးစားနေပေမဲ့ တကယ်တော့ ဒါဟာ စိတ်မွန်းကျပ်မှုတွေကြားက ခဏတာ ထွက်ပေါက်ရှာကြခြင်းသာ ဖြစ်ပါတယ်။

“သင်္ကြန်မှာ လည်နေကြတာ မြင်တော့ အားလုံး မေ့သွားကြပြီလားလို့ ထင်စရာ ရှိပေမဲ့၊ တကယ်တော့ ညဘက်အိမ်ပြန်ရောက်လို့ ဧည့်စာရင်းစစ်မှာကို ကြောက်နေရတာ၊ မနက်ဖြန် ဆီဈေးတက်မှာကို ပူနေရတာတွေက အမှန်တရားပါပဲ” လို့ အသက် ၃၀ အရွယ် ရန်ကုန်မြို့နေ အမျိုးသမီးတစ်ဦးက ဆိုပါတယ်။

“မီးစက်သံတွေကြားက ပျောက်ဆုံးသွားတဲ့ အိပ်မက်”

ညနေခင်းရဲ့ မှောင်ရီပျိုးစအချိန်တွေမှာလည်း မြို့ပြရဲ့ ဂီတသံဟာ တေးငှက်သံတွေ မဟုတ်တော့ဘဲ မီးစက်သံတွေ ဖြစ်လာခဲ့ပါတယ်။

၂၄ နာရီ လျှပ်စစ်မီးရရှိဖို့ မျှော်လင့်ချက်ဟာလည်း အလှမ်းဝေးလွန်းတဲ့ အိပ်မက်တစ်ခု ဖြစ်သွားပြီး “မီးဘယ်အချိန်လာမလဲ” ဆိုတဲ့ ဇယားကွက်ပေါ်မှာပဲ ဘဝရဲ့ အရေးကြီးကိစ္စတွေကို ပုံဖော်နေရပါတယ်။

“ကိုယ်ရတဲ့ ဝင်ငွေနဲ့ မလောက်ငတဲ့ ကုန်ဈေးနှုန်းရယ်၊ မီးပုံမှန်မလာတာကြောင့် အလုပ်တွေ နှောင့်နှေးရတာရယ်က အသားမကျနိုင်သေးပါဘူး။ Solar သုံးဖို့ကျတော့လည်း ဈေးက အဆမတန် ဖြစ်နေတယ်” လို့ အထက်ပါ အမျိုးသမီးက ဆိုပါတယ်။

မြန်မာပြည်ရဲ့ မြို့ပြလမ်းမတွေပေါ်မှာ အရင်က မရှိခဲ့ဖူးတဲ့ အလေ့အကျင့်သစ်တွေဟာ အခုတော့ နေ့စဉ်ဘဝရဲ့ အစိတ်အပိုင်းတွေ ဖြစ်လို့နေခဲ့ပါပြီ။

“Digital Normalization”

ဖုန်းကို လက်ထဲကိုင်လိုက်တာနဲ့ Facebook သုံးဖို့ VPN ခလုတ်ကို အလိုအလျောက် နှိပ်လိုက်မိခြင်းဟာ အိမ်ထဲဝင်ရင် ဖိနပ်ချွတ်ရသလိုမျိုး မြို့ပြသားတို့ရဲ့ “Digital Normalization” တစ်ခု ဖြစ်လာခဲ့တယ်။

လွန်ခဲ့တဲ့ ငါးနှစ်က အင်တာနက်လိုင်း ခဏလေးပြတ်တောက်သွားရင်တောင် ဒေါသတကြီး ဖုန်းဆက်တိုင်တန်းခဲ့ကြတဲ့ ကျွန်မတို့ဟာ အခုတော့ အင်တာနက်ဖြတ်တောက်မှုတွေ၊ လိုင်းနှေးကွေးမှုတွေကို သက်ပြင်းတစ်ချက်နဲ့ပဲ ကျော်ဖြတ်တတ်လာကြတယ်။

အခုနောက်ပိုင်း စစ်ကော်မရှင်ရဲ့ CEIR စနစ်နဲ့ ဖုန်းတွေကို မှတ်ပုံတင်ခိုင်းပြီး အကျပ်ကိုင်တာကလည်း နောက်ထပ် ဖိအားတစ်ခု ဖြစ်လာပါတယ်။

“Unpaid ဖြစ်နေရင် IMEI ကို block မယ်ဆိုတဲ့ အာဏာရှင်ဆန်တဲ့ ထုတ်ပြန်ချက်တွေကြောင့် လုပ်ကြရတာတွေ ရှိနေတယ်။ ဒါဟာ ကြည်ဖြူလို့မဟုတ်ဘဲ ဆက်သွယ်ရေး ပြတ်တောက်သွားမှာကို ကြောက်ရွံ့တဲ့ စိတ်နဲ့ လိုက်နာနေရခြင်းသာ ဖြစ်တယ်” လို့ အသက် ၃၀ အရွယ် ရန်ကုန်မြို့နေ အမျိုးသမီးတစ်ဦးက ထောက်ပြပြောဆိုပါတယ်။

ကမ္ဘာကြီးက ရှေ့ကို တိုးတက်နေချိန်မှာ ကျွန်မတို့နိုင်ငံကတော့ ခေတ်နောက်ပြန်ဆွဲခံရသလို ဖြစ်နေခဲ့ပါပြီ။

“သွားသတိ၊ လာသတိ နဲ့ ပေါ်တာဆွဲခြိမ်းခြောက်မှု”

ဒါတွေအပြင် အခုတလော မြို့ပြရဲ့ အကြီးမားဆုံးသော ခြိမ်းခြောက်မှုကတော့ “ပေါ်တာဆွဲခြင်း” ပါပဲ။

ရပ်ကွက်ထဲမှာ စကိတ်စီးနေတဲ့ လူငယ်လေးတွေကအစ ဆွဲခံရတဲ့သတင်းတွေကြောင့် လူတွေဟာ “သွားသတိ၊ လာသတိ” နဲ့ နေနေရတယ်။ ပြည်သူကို ကာကွယ်ပေးရမယ့် စစ်တပ်ကို ပြည်သူကပဲ ပြန်ကြောက်နေရတယ်ဆိုတာ ရှက်ဖို့ကောင်းပါတယ်လို့ အဆိုပါ အမျိုးသမီးက ပြတ်ပြတ်သားသား ပြောပါတယ်။

“ကျဆင်းနေတဲ့ လူမှုစီးပွားနဲ့ ရုန်းမထွက်နိုင်တဲ့ ထောင်ချောက်”

ဒီ ၅ နှစ်ကျော်ကာလအတွင်းမှာ ဥပဒေတွေကလည်း အမျိုးမျိုးထွက်၊ အလုပ်အကိုင်တွေ ရှားပါးလာ၊ ခါးပိုက်နှိုက်တွေ ပေါလာ၊ ပညာရေးတွေ တပိုင်းတစ ဖြစ်လာတာတွေကို မြင်တွေ့နေရတဲ့ အသက် ၄၀ အရွယ် အမျိုးသားကတော့ –

“တိုင်းပြည်က ကောင်းလာတာ ဘာတစ်ခုမှ မရှိဘူး။ ဆီဈေးတွေတက်၊ ကားတွေကို စုံ/မ စနစ်နဲ့ ကန့်သတ်လာတယ်။ အလုပ်အကိုင် ရှားပါးတော့ ခါးပိုက်နှိုက်တွေ ပေါလာတယ်၊ ပညာရေးတွေ တပိုင်းတစ ဖြစ်ကုန်တယ်။ ကျွန်တော်တို့လို လူလတ်တန်းစားတောင် ချင့်ချိန်သုံးစွဲနေရရင် အောက်ခြေလူတန်းစားတွေ ဘယ်လောက်ခက်ခဲမလဲ” လို့ ဆိုပါတယ်။

မလုံခြုံလို့ ပြည်ပကို ထွက်ခွာကြပြန်တော့လည်း အထောက်အထားကိစ္စတွေ၊ အလုပ်အကိုင် အခက်အခဲတွေကြောင့် ပြန်လာရသူတွေလည်း ဒုနဲ့ဒေးပါပဲ။

ဒါဟာ “အသားကျခြင်း” မဟုတ်ဘဲ “ရုန်းမထွက်နိုင်တဲ့ ထောင်ချောက်” ထဲမှာ ပိတ်မိနေခြင်းသာ ဖြစ်ပါတယ်။

“ကျွန်တော်ကတော့ အာဏာမသိမ်းခင်က လွတ်လွတ်လပ်လပ် နေနိုင်တဲ့ အခြေအနေမျိုးကိုပဲ ပြန်လိုချင်တယ်။ အရင်က ကျွန်တော်တို့မှာ မျှော်မှန်းချက်တွေ၊ ရည်မှန်းချက်တွေ အရမ်းကောင်းခဲ့တာ” လို့ အဆိုပါ အမျိုးသားက နှမြောတသစွာ ပြောပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာကျပ်ငွေတန်ဖိုး ထိုးဆင်းသွားခြင်း၊ ငွေကြေးဖောင်းပွမှုနှုန်း အဆမတန် မြင့်တက်လာခြင်းတို့ကြောင့် လူလတ်တန်းစားများပင် ဆင်းရဲတွင်းထဲ ကျဆင်းသွားခဲ့ရပါတယ်။

“မင်းအောင်လှိုင် သမ္မတရာထူး ရယူလိုက်ခြင်းနဲ့ ပိုမိုဝေးကွာသွားတဲ့ မျှော်လင့်ချက်အလင်း”

တစ်ဖက်မှာလည်း အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က သမ္မတ ရာထူးကို ရယူလိုက်ခြင်းဟာ မြန်မာ့နိုင်ငံရေးကို ပိုမိုနက်ရှိုင်းတဲ့ အကျပ်အတည်းထဲကို တွန်းပို့လိုက်သလို ဖြစ်စေပါတယ်။

ဥပဒေကို စိတ်ကြိုက် ပုံဖော်ပြီး အာဏာကို အတည်တကျ ရယူဖို့ ကြိုးပမ်းမှုတွေဟာ မြို့ပြနေ ပြည်သူတွေအတွက်တော့ မျှော်လင့်ချက်ရဲ့ အလင်းရောင်ကို ပိုပြီး ဝေးကွာသွားစေပါတယ်။

“အခုအခြေအနေမှာ စားဝတ်နေရေးအတွက် ရုန်းကန်ရတာမျိုးရယ် ခေတ်ပျက်ကြီးထဲမှာ ရှင်သန်နေရတာတွေက အိပ်မက်ဆိုးလိုပဲ။ အာဏာရှင်အုပ်ချုပ်နေသရွေ့ ဒီထက်ပိုဆိုးတာမျိုးနဲ့ ကြုံရနိုင်တယ်ဆိုတဲ့ စိတ်မျိုးနဲ့ စိတ်ဖြေနေရတယ်” လို့ ရန်ကုန်မြို့နေ အမျိုးသမီးတစ်ဦးက ဆိုထားပါတယ်။

“မပြီးဆုံးနိုင်တဲ့ စိတ်ဒဏ်ရာတွေနဲ့ မြို့ပြသားတို့ရဲ့ ဆုတောင်း”

မြို့ပြသားတွေဟာ မနက်မိုးလင်းတာနဲ့ ကုန်ဈေးနှုန်း၊ မီးပျက်တာ၊ VPN၊ ဧည့်စာရင်း၊ ပေါ်တာ ဆိုတဲ့ စိတ်ဒဏ်ရာတွေကို အိတ်ထဲထည့်ပြီး အလုပ်သွားလာနေကြရတာပါ။

ဒါ့အပြင် “အပြစ်မဲ့ပြည်သူတွေ၊ ကလေးတွေ သေကျေဒုက္ခရောက်နေတဲ့ သတင်းတွေကို နေ့စဉ်မြင်နေရတဲ့ စိတ်ဒဏ်ရာဟာ ဘယ်သောအခါမှ အသားကျသွားမှာ မဟုတ်ပါဘူး” လို့ ပြည်သူအများစုက ဆိုကြပါတယ်။

“ကျွန်မတို့ မြို့ပြသားတွေရဲ့ နေ့စဉ်ဆုတောင်းကတော့ ရိုးရှင်းပါတယ်။ အသားကျနေသလို အယောင်ဆောင်ပြီး ရှင်သန်နေရတဲ့ ဒီခေတ်ပျက်ကြီးကနေ အမြန်ဆုံး လွတ်မြောက်ဖို့ပါပဲ”

မြို့ပြနေပြည်သူအများစုအတွက်ကတော့ အရင်ကလို ဘယ်နေရာကိုမဆို လွတ်လွတ်လပ်လပ် သွားလာနိုင်ပြီး ကြီးကျယ်တဲ့ ရည်မှန်းချက်တွေကို အကောင်အထည်ဖော်ခွင့်ရမယ့် အိပ်မက်တွေဆီ ပြန်လည်ရောက်ရှိဖို့ကသာ အမှန်တကယ် လိုလားနေကြတဲ့ ပန်းတိုင်တစ်ခု ဖြစ်နေပါတော့တယ်။