ရက်၁၀၀ စီမံချက်အဖြစ် ပေါင်မြို့နယ်၊ဇင်းကျိုက်နယ်မြေရဲစခန်းရှေ့က ဆိုင်ခန်းများကို ဖယ်ရှား ခိုင်းကာ ပြည်သူကို စတင်ဒုက္ခပေးပြီဖြစ်ကြောင်း သိရသည်။
မွန်ပြည်နယ်၊ပေါင်မြို့နယ်၊ဇင်းကျိုက်နယ်မြေရဲစခန်းရှေ့တွင် လွန်ခဲ့သော နှစ်၂၀ကျော်ကတည်းက ဆောက်လုပ်ရောင်းချထားသည့် ဆိုင်ခန်းများကို လုံခြုံရေးအကြောင်းပြချက်ဖြင့် မေလတစ်ရက် နောက်ဆုံးထား ဖယ်ရှားခိုင်းနေကြောင်း ဒေသခံအချို့ထံက သိရသည်။
“အဲဆိုင်ခန်းတွေက အခု သိန်း၁၀၀ကျော်တန်ပါတယ်။လူတွေက လုပ်စားရ အဆင်မပြေတဲ့ကြားထဲ လုပ်ရက်ကြတာများ ပြောပါတယ်။ဆိုင်ခန်း၂၀လောက်ရှိတယ်။အကုန်ဖယ်ရတော့မယ်”ဟု ဇင်း ကျိုက်မြို့၊ ဖလပ်ရပ်ကွက်နေ အိမ်ရှင်မတစ်ဦးက MPAသို့ ပြောသည်။
ယင်းဆိုင်ခန်းများတွင် ဖုန်းဆိုင်၊ဆိုင်ကယ်ပစ္စည်းဆိုင် ၊အလှပြင်ဆိုင်ဆိုင်ကယ်ပြင်ဆိုင်၊ လက်ဖက် ရည်ဆိုင် စသည့် ဆိုင်များ ဖွင့်လှစ်ထားပြီး ဆိုင်ခန်းစုစုပေါင်း ၁၉ခန်းရှိကြောင်း ဒေသတွင်မီဒီယာ ဝရဇိန်က ဖော်ပြထားသည်။
“အရင်တုန်းက ရဲစခန်းသက်သာရန်ပုံငွေဆိုပြီး ရဲတွေက ဆိုင်ခန်းဖွင့်ပြီး ရောင်းစားခဲ့တာ။အခုလည်း ရဲတွေကပဲ အထက်က ဖယ်ခိုင်းလို့ဆိုပြီး ပြန်ဖယ်ခိုင်းတာ။မဖယ်ရင် အချုပ်ထဲရောက်မှာလေ”ဟု အသက်၄၅နှစ်အရွယ်ရှိ ဇင်းကျိုက်မြို့သားတစ်ဦးက ပြောသည်။
ယင်းဆိုင်ခန်းများကို အပိုင်ပုံစံမျိုး ရောင်းချခဲ့ခြင်းဖြစ်ပြီး ဆိုင်ခန်းပိုင်ရှင်တို့က အဆင့်ဆင့် ရောင်းချခဲ့ကြသည်။
ဇင်းကျိုက်သည် အိမ်ထောင်စု ၄၀၀၀ကျော်ရှိသည့် ပေါင်မြို့နယ်၏ မြို့နယ်ခွဲဖြစ်သည်။
