အမေရိကန်တွင် ဒေါ်နယ်ထရန့်၏ ပုံတူပန်းချီပါရှိသည့် နိုင်ငံကူးလက်မှတ်များကို အရေအတွက် အကန့်အသတ်ဖြင့် ထုတ်ဝေသွားမည်ဖြစ်သည်။
အမေရိကန် လွတ်လပ်ရေးကြေညာစာတမ်း ထုတ်ပြန်ခြင်း ၂၅၀ နှစ်ပြည့် အထိမ်းအမှတ် အဖြစ် အဆိုပါ နိုင်ငံကူးလက်မှတ်များကို ထုတ်လုပ်မည်ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
နိုင်ငံကူးလက်မှတ်အတွင်းရှိ စာမျက်နှာတစ်ခုတွင် အမေရိကန်သမ္မတ၏ ပုံတူကို ဖော်ပြထားမည်ဖြစ်ပြီး ၎င်း၏တစ်ဖက် စာမျက်နှာတွင် ၁၇၇၆ ခုနှစ် လွတ်လပ်ရေးကြေညာစာတမ်း လက်မှတ်ရေးထိုးပွဲပုံရိပ်ကို ထည့်သွင်းထားမည်ဖြစ်သည်။
အဆိုပါ နိုင်ငံကူးလက်မှတ်များတွင် ထရန့်၏ လက်မှတ်လည်း ပါဝင်မည်ဖြစ်သလို အဖုံး၏ အပေါ်ဘက်တွင် “United States of America” ဟူသော စာသားကို ရွှေရောင်စာလုံးအကြီးဖြင့် ရိုက်နှိပ်ထားကာ အောက်ဘက်တွင် “passport” ဟု ရေးသားထားမည်ဖြစ်သည်။ ၎င်းမှာ ပုံမှန်အဖုံးဒီဇိုင်းကို ပြောင်းပြန်လှန်ထားခြင်းဖြစ်သည်။
နောက်ကျောဖုံး၏ အောက်ခြေတွင် ကြယ်ပွင့်များ ဝန်းရံထားသော နံပါတ် ၂၅၀ ပါရှိသည့် ရွှေရောင် အမေရိကန်အလံငယ်တစ်ခု ပါရှိမည်ဖြစ်သည်။
“ဒီနိုင်ငံကူးလက်မှတ်တွေမှာ စိတ်ကြိုက်ဖန်တီးထားတဲ့ အနုပညာလက်ရာတွေနဲ့ ပိုမိုကောင်းမွန်တဲ့ ပုံရိပ်တွေ ပါဝင်လာမှာဖြစ်သလို၊ အမေရိကန်နိုင်ငံကူးလက်မှတ်ကို ကမ္ဘာပေါ်မှာ လုံခြုံရေးအကောင်းဆုံး စာရွက်စာတမ်းဖြစ်စေတဲ့ လုံခြုံရေးအင်္ဂါရပ်တွေကိုလည်း မပြောင်းလဲဘဲ ဆက်လက်ထိန်းသိမ်းထားမှာပါ” ဟု နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ တွမ်မီ ပီဂေါ့တ် က ပြောကြားသည်။
ဇူလိုင်လ ၄ ရက်နေ့ မတိုင်မီတွင် ဝါရှင်တန်ဒီစီရှိ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး၌ လျှောက်ထားသူများအတွက် အဆိုပါ နိုင်ငံကူးလက်မှတ် အစောင်ရေ ၂၅,၀၀၀ နှင့် ၃၀,၀၀၀ ကြားကို ရရှိနိုင်မည်ဖြစ်သည်။
အဆိုပါရုံးတွင် လူကိုယ်တိုင်လာရောက်လျှောက်ထားသူများအတွက် အဆိုပါအထိမ်းအမှတ် နိုင်ငံကူးလက်မှတ်မှာ အလိုအလျောက် ရွေးချယ်စရာ (Default) ဖြစ်လာမည်ဖြစ်သော်လည်း၊ ပုံမှန်နိုင်ငံကူးလက်မှတ်ကိုသာ အလိုရှိသူများအနေဖြင့် အွန်လိုင်းမှသော်လည်းကောင်း သို့မဟုတ် ဝါရှင်တန်ပြင်ပရှိ ရုံးများတွင်သော်လည်းကောင်း လျှောက်ထားရယူနိုင်မည်ဖြစ်ကြောင်း တာဝန်ရှိသူများက AP သတင်းဌာန သို့ ပြောကြားခဲ့သည်။
အဆိုပါ အရေအတွက်အကန့်အသတ်ဖြင့် ထုတ်ဝေသည့် အထိမ်းအမှတ် နိုင်ငံကူးလက်မှတ်ကို ရယူရန်အတွက် အပိုဆောင်း အခကြေးငွေ ပေးဆောင်ရန် မလိုကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန အရာရှိတစ်ဦးက Reuters သို့ ပြောကြားခဲ့သည်။
အမေရိကန်နိုင်ငံ တည်ထောင်ခြင်း နှစ်ပတ်လည် အထိမ်းအမှတ်အဖြစ် ထရန့်၏ ပုံပါဝင်သော အထိမ်းအမှတ် ရွှေဒင်္ဂါးပြားများ ထုတ်ဝေရန်လည်း အမေရိကန် ဒင်္ဂါးသွန်းစက်ရုံက ကြေညာထားသည်။
ဘဏ္ဍာရေးဝန်ကြီးဌာနကလည်း ငွေစက္ကူ များတွင် ထရန့်၏ လက်မှတ် ပါဝင်လာမည်ဟု ပြောကြားထားရာ၊ ၎င်းမှာ တာဝန်ထမ်းဆောင်ဆဲ သမ္မတတစ်ဦးက အမေရိကန်ငွေကြေးပေါ်တွင် ပထမဆုံးအကြိမ် လက်မှတ်ရေးထိုးခြင်း ဖြစ်လာမည်ဖြစ်သည်။
ဒုတိယအကြိမ် သမ္မတသက်တမ်းအတွင်း ထရန့်၏ မဟာမိတ်များသည် အမေရိကန် ငြိမ်းချမ်းရေးဌာန (US Institute of Peace) အဆောက်အအုံနှင့် ကနေဒီစင်တာ (Kennedy Center) ဖျော်ဖြေရေးကွင်းပြင်တို့တွင် ၎င်း၏အမည်ကို ထည့်သွင်းခဲ့ကြသည်။
