အီရန်ကို ပိတ်ဆို့ထားမှု လပေါင်းများစွာ ကြာမြင့်နိုင်ကြောင်း ထရန့် သတိပေးပြီးနောက် ရေနံဈေးနှုန်းများ မြင့်တက်

ဓာတ်ပုံ - US Central Command
ပုံစာ - အီရန်ဆိပ်ကမ်းတစ်ခုသို့ ဦးတည်ခုတ်မောင်းနေသည့် အမေရိကန် စစ်ရေယာဉ် USS Rafael Peralta (DDG 115) ကို ဧပြီလ ၂၄ ရက်နေ့က တွေ့ရစဉ်။

အီရန်အပေါ် အမေရိကန်၏ ရေတပ်ပိတ်ဆို့မှုသည် လပေါင်းများစွာ ကြာမြင့်နိုင်ကြောင်း သမ္မတ ဒေါ်နယ်ထရန့်က ပြောကြားခဲ့ပြီးနောက် ဧပြီ ၂၉ တွင် ရေနံဈေးနှုန်းများမှာ လေးနှစ်ကျော်အတွင်း အမြင့်ဆုံးအဆင့်သို့ ရောက်ရှိသွားခဲ့သည်။

အီရန်နှင့် အမေရိကန်ကြား သံတမန်ရေးရာ ဆွေးနွေးမှုများမှာ အစပြုရန် ကြိုးပမ်းသော်လည်း အဆင်မပြေဘဲ ရှေ့မတိုးနိုင်ဖြစ်နေစဉ် ထရန့်သည် ရုရှားသမ္မတ ဗလာဒီမာ ပူတင်နှင့် ဖုန်းဖြင့် ဆွေးနွေးခဲ့သည်။

အမေရိကန်နှင့် အစ္စရေးတို့က အီရန်အပေါ် စစ်ပွဲပြန်စမည်ဆိုပါက “ထိခိုက်ပျက်စီးစေမည့် နောက်ဆက်တွဲဆိုးကျိုးများ” ရှိလာနိုင်ကြောင်း ပူတင်က သတိပေးထားသည်။

ထရန့်က ရေနံလုပ်ငန်းရှင်များနှင့် တွေ့ဆုံရာတွင် အီရန်ဆိပ်ကမ်းများကို ပိတ်ဆို့ထားခြင်းသည် ဗုံးကြဲတိုက်ခိုက်ခြင်းထက် ပိုမိုထိရောက်ကြောင်း ပြောဆိုခဲ့သည်။ အဆိုပါ ဆိပ်ကမ်းပိတ်ဆို့မှုများကို ရပ်ဆိုင်းရန် တီဟီရန်ဘက်က သဘောတူညီချက်မရမီ တောင်းဆိုထားခြင်းဖြစ်သည်။

ဧပြီ ၂၈ ရက်က ပြုလုပ်ခဲ့သည့် ထိုတွေ့ဆုံပွဲတွင် ထရန့်က “ကမ္ဘာ့ရေနံဈေးကွက်ကို သက်သာရာရစေရန် ကြိုးပမ်းမှုများ၊ လိုအပ်ပါက လက်ရှိပိတ်ဆို့မှုကို လပေါင်းများစွာ ဆက်လက်ထားရှိမည့် အစီအစဉ်များနှင့် အမေရိကန်စားသုံးသူများအပေါ် သက်ရောက်မှုကို အနည်းဆုံးဖြစ်အောင် လုပ်ဆောင်မည့် အဆင့်ဆင့်သော နည်းလမ်းများ” ကို ဆွေးနွေးခဲ့ကြောင်း အမည်မဖော်လိုသည့် အိမ်ဖြူတော် တာဝန်ရှိသူတစ်ဦးက ပြောသည်။

“သူတို့ဟာ ဝက်တစ်ကောင်လိုပဲ အသက်ရှူကျပ်နေကြပြီ။ သူတို့အတွက် ဒီထက်မက ပိုဆိုးလာလိမ့်မယ်” ဟု ထရန့်က အီရန်အပေါ် ရေတပ်လှုပ်ရှားမှုနှင့် ပတ်သက်၍ Axios သတင်းဌာနသို့ ပြောကြားသည်။

Brent ရေနံအနာဂတ်ဈေးနှုန်းမှာ ၇.၆ ရာခိုင်နှုန်း ထပ်မံမြင့်တက်ကာ တစ်စည်လျှင် အမေရိကန်ဒေါ်လာ ၁၁၉.၆၉ အထိ ရောက်ရှိခဲ့ပြီး ယင်းမှာ ၂၀၂၂ ခုနှစ် ယူကရိန်းစစ်ပွဲ အစောပိုင်းကာလများနောက်ပိုင်း အမြင့်ဆုံးဈေးနှုန်း ဖြစ်သည်။

ဂျာမနီက အီရန်စစ်ပွဲကို ထောက်ခံရန် ငြင်းဆိုခြင်းနှင့် ဟော်မုဇ် ရေလက်ကြား ငြိမ်းချမ်းရေး ထိန်းသိမ်းမှုတွင် ပါဝင်ရန် ငြင်းဆန်ခြင်းတို့ကြောင့် ထရန့်က ဂျာမနီဝန်ကြီးချုပ် ဖရိုင်းဒရစ်မာ့ဇ် ကိုလည်း ဧပြီ ၂၉ ရက်တွင် ဝေဖန်ပြစ်တင်ခဲ့ပြီး ဂျာမနီရှိ အမေရိကန်တပ်ဖွဲ့ဝင် အရေအတွက်ကို လျှော့ချမည်ဟု ခြိမ်းခြောက်ခဲ့သည်။

အီရန်သည် ဆွေးနွေးပွဲစားပွဲပေါ်တွင် ဝါရှင်တန်ကို “အရှက်ခွဲနေသည်” ဟု ယခုသီတင်းပတ် အစောပိုင်းတွင် မာ့ဇ်က ပြောကြားခဲ့ပြီးနောက် ထရန့်က ယင်းကဲ့သို့ တုံ့ပြန်ခဲ့ခြင်း ဖြစ်သည်။

ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် (UNDP) ကလည်း ယခုစစ်ပွဲကြောင့် မြေသြဇာဈေးနှုန်းများပါ မြင့်တက်လာပြီး နိုင်ငံပေါင်း ၁၆၀ ရှိ လူဦးရေ ၃၀ သန်းကျော် ဆင်းရဲတွင်းသို့ ရောက်သွားနိုင်ကြောင်း သတိပေးထားသည်။

“ဒါဟာ ဖွံ့ဖြိုးတိုးတက်မှု နောက်ပြန်ဆုတ်သွားတာပဲ” ဟု UNDP အကြီးအကဲ အလက်ဇန်းဒါးဒီခရို က AFP သို့ ပြောကြားခဲ့သည်။