သူပုန်များနှင့် တိုက်ပွဲဖြစ်ပွားစဉ် ကွန်ဂိုစစ်သား ၈၀ ကျော် ထွက်ပြေး

ဓာတ်ပုံ - Anadolu

ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ အရှေ့ပိုင်းတွင် AFC/M23 သူပုန်များနှင့် တိုက်ခိုက်နေစဉ် စစ်သား ၈၄ ဦး ရှေ့တန်းစစ်မျက်နှာမှ ဆုတ်ခွာထွက်ပြေးခဲ့ကြသလို တပ်မှူး၏ အမိန့်ကို ဖီဆန်ကာ မိုးပေါ်ထောင်၍ သေနတ်ပစ်ဖောက်မှုများကို ပြုလုပ်ခဲ့ကြသည်။

ဝါလီကာလီ (Walikale) နယ်မြေတွင် တာဝန်ချထားသော စစ်သည်တစ်စုသည် AFC/M23 သူပုန်များနှင့် စစ်ဖြစ်ပွားနေစဉ်အတွင်း ရူတိုဘိုကို (Rutoboko) ဧရိယာရှိ ရှေ့တန်းစစ်မျက်နှာမှ ဆုတ်ခွာခဲ့ပြီး ၎င်းတို့၏ တပ်မှူးထံမှ အမိန့်များကို ဂရုမစိုက်ဘဲ မိုးပေါ်သို့ သေနတ်များ စတင်ပစ်ဖောက်ခဲ့ကြကြောင်း စစ်တပ်၏ ထုတ်ပြန်ခဲ့သည်။

အဆိုပါဖြစ်ရပ်သည် စစ်သားများ၏ အပိုဆုကြေးငွေများ ပေးချေရန် ကြန့်ကြာနေသည့်ကာလဖြစ်သော လွန်ခဲ့သည့် လအနည်းငယ်အတွင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု သတင်းများက ဆိုသည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်း AFC/M23 သူပုန်အုပ်စုနှင့် အစိုးရတပ်ဖွဲ့များအကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေကြောင်း သိရသည်။

ကွန်ဂိုအရှေ့ပိုင်း ပဋိပက္ခ၏ အချက်အချာဖြစ်နေသည်။ အိမ်နီးချင်း ရဝမ်ဒါနိုင်ငံက ထောက်ပံ့ထားသည်ဟု ယူဆရသော M23 သူပုန်များသည် ၂၀၂၅ ခုနှစ် အစောပိုင်းတွင် သိမ်းပိုက်ခဲ့သော ပြည်နယ်မြို့တော်များဖြစ်သည့် ဂိုမာ (Goma) နှင့် ဘူကာဗူး (Bukavu) အပါအဝင် ကွန်ဂိုအရှေ့ပိုင်းရှိ နယ်မြေအတော်များများကို ထိန်းချုပ်ထားသည်။

ကွန်ဂိုနိုင်ငံ၊ ကုလသမဂ္ဂနှင့် အနောက်နိုင်ငံများက ရဝမ်ဒါနိုင်ငံသည် M23 သူပုန်အုပ်စုကို ထောက်ပံ့နေသည်ဟု စွပ်စွဲထားသော်လည်း ရဝမ်ဒါ အစိုးရက ငြင်းဆိုထားသည်။