အမေရိကန်တပ်ဖွဲ့ဝင် ထောင်ပေါင်းများစွာကို ဂျာမနီမှ ပြန်လည်ရုပ်သိမ်းမည်

ဓာတ်ပုံ - Charles Rosemond / Army
ပုံစာ - ဂျာမနီနိုင်ငံ၊ Ansbach ရှိ Katterbach စစ်လေယာဉ်ကွင်း

ဂျာမနီနိုင်ငံတွင် အခြေစိုက်ထားသော အမေရိကန်တပ်ဖွဲ့ဝင် ၅,၀၀၀ ခန့်ကို ပြန်လည်ရုပ်သိမ်းရန် အမေရိကန်ကာကွယ်ရေးဝန်ကြီး ပိထ်ဟက်ဆက် က အမိန့်ပေးထားကြောင်း ပင်တဂွန်စစ်ဌာနချုပ်က မေလ ၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

တပ်ဖွဲ့ဝင်လျှော့ချမှုကို လာမည့် ၆ လမှ ၁၂ လအတွင်း အပြီးသတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပင်တဂွန်ပြောရေးဆိုခွင့်ရှိသူ ရှောင်ပါနယ်လ်က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ဒီဆုံးဖြတ်ချက်ဟာ ဥရောပဒေသတွင်း ဝန်ကြီးဌာနရဲ့ တပ်ဖြန့်ထားမှု အခြေအနေကို အသေးစိတ်ပြန်လည်သုံးသပ်ပြီးနောက် ထွက်ပေါ်လာတာဖြစ်သလို၊ စစ်မြေပြင်လိုအပ်ချက်တွေနဲ့ မြေပြင်အခြေအနေတွေကို အသိအမှတ်ပြုတဲ့အနေနဲ့ ဆောင်ရွက်တာဖြစ်ပါတယ်” ဟု ၎င်းက ပြောကြား သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ဂျာမနီရှိ အမေရိကန်တပ်ဖွဲ့ဝင်အရေအတွက်ကို လျှော့ချမည်ဟု ခြိမ်းခြောက်ခဲ့ပြီးနောက် တစ်ရက်အကြာတွင် ယခုကြေညာချက် ထွက်ပေါ်လာခြင်းဖြစ်သည်။
ထို့ပြင် အမေရိကန်သည် အီရန်၏ “အရှက်ခွဲခြင်း” ကို ခံနေရသည်ဟု ပြောကြားခဲ့သည့် ဂျာမနီဝန်ကြီးချုပ် ဖရီးဒရစ်မာဇ်ကိုလည်း ထရန့်က ဝေဖန်ခဲ့သည်။

ဂျာမနီခေါင်းဆောင်သည် “ဘာအကြောင်းအရာကို ပြောနေမှန်း သူကိုယ်တိုင်မသိ” ဟု ပြောဆိုခဲ့သလို၊ ၎င်းကို “လုံးဝထိရောက်မှုမရှိသူ” ဟုလည်း အီရန်စစ်ပွဲနှင့်ပတ်သက်၍ မာ့ဇ် ၏ ဝေဖန်မှုအပေါ် ထရန့်က တုံ့ပြန် ခဲ့သည်။

မေလ ၁ ရက်၌ပင် ထရန့်က ဥရောပသမဂ္ဂမှ တင်သွင်းသော ကားနှင့် ကုန်တင်ကားများအပေါ် အခွန်တိုးမြှင့်ကောက်ခံမည်ဟု ကြေညာခဲ့ရာ ယင်းသည် ဂျာမနီနိုင်ငံကို အထိနာဆုံးဖြစ်စေမည့် ခြေလှမ်းတစ်ခုဖြစ်သည်။

ဂျာမနီ၏ မကြာသေးမီက ပြောဆိုချက်များသည် “မသင့်လျော်သလို အထောက်အကူလည်းမပြု” ကြောင်း ပင်တဂွန် အဆင့်မြင့်အရာရှိတစ်ဦးက ရိုက်တာသတင်းဌာနသို့ ပြောကြားခဲ့သည်။
“အကျိုးမဲ့စေမယ့် အဲ့ဒီပြောဆိုချက်တွေအပေါ် သမ္မတအနေနဲ့ မှန်ကန်စွာ တုံ့ပြန်ဆောင်ရွက်နေတာဖြစ်ပါတယ်” ဟု အမည်မဖော်လိုသူ အဆိုပါအရာရှိ၏ ပြောကြားချက်ကို ကိုးကား၍ ရိုက်တာသတင်းဌာနက ဖော်ပြထားသည်။