နိုင်ငံရေးခွေးကတက်မှာ ငကြောက်ကြီး မင်းအောင်လှိုင်

3 May 2026 By / MPA

အကြမ်းဖက်စစ်အုပ်စုရဲ့ စကားတွေကို ဘာဆိုဘာမှ မယုံရကြောင်း သံအမတ်ကြီးဦးကျော်မိုး ထွန်းက ဧပြီ၂၈ရက်၊ကုလသမဂ္ဂအစည်းအဝေးတစ်ရပ်မှာ ပြောကြားခဲ့ပြီး ၂ရက်အကြာ ဧပြီ၃၀ရက် ည မှာ မယုံကြည်ရ တဲ့ ဓာတ်ပုံတစ်ပုံနဲ့ ဒေါ်အောင်ဆန်းစုကြည်သတင်းကို စစ်အုပ်စု ထုတ်ပြန်လိုက်တယ်။

သမ္မတတုက ကဆုန်လပြည့် ဧပြီ၃၀ရက်မှာ နေပြည်တော်ထောင်ထဲ မတရားဖမ်းဆီးခံထား ရတဲ့ နိုင်ငံ တော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကို သတ်မှတ်နေအိမ်တစ်ခုဆီ ပြောင်းရွှေ့လိုက် တယ်လို့ ဆိုတယ်။

တကယ်တော့ စစ်အုပ်စု ထုတ်ပြန်ခဲ့သလို ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်ထောင် ထဲမှာ ထားခဲ့တယ်ဆိုတာကစလို့ မသေချာပါဘူး။ဒေါ်အောင်ဆန်းစုကြည်ကို ဒုဝန်ကြီးအဆင့်ရှိ နေ အိမ်တစ်လုံးမှာ ထားရှိကြောင်း သတင်းထွက်ပေါ်ခဲ့ဖူးပေမဲ့ အဲဒီသတင်းကိုလည်း အခိုင်အမာ အတည် မပြုနိုင်ပါဘူး။

ဒေါ်အောင်ဆန်းစုကြည်ကို မတရားစွဲဆိုထားတဲ့အမှုတွေနဲ့ပတ်သက်ပြီး အပြီးသတ်ထောင် ဒဏ် ချမှတ် ခဲ့တဲ့ ၂၀၂၂ခုနှစ်၊ဒီဇင်ဘာ၃၀ရက် နောက်ပိုင်းမှာ ရှေ့နေအဖွဲ့က ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ဆုံခွင့်လုံးဝ မရတော့တာကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို ဘယ်မှာချုပ်နှောင်ထားသ လဲ ဆိုတာ အတည်ပြုလို့မရတဲ့ သ တင်းတွေချည်း။နေပြည်တော်ထောင်၊ စစ်တပ်ဝင်းထဲက အိမ်တစ် လုံး၊ ဒုဝန်ကြီးအဆင့် အိမ် စသဖြင့်။ အသေ အချာပြောနိုင်တာဆိုလို့ တစ်ခုတည်း နေပြည်တော်တွင်း တစ်နေရာ။

အခု စစ်အုပ်စုရဲ့ ထုတ်ပြန်ချက်က သတ်မှတ်ထားတဲ့နေအိမ်တစ်လုံးမှာ ဆက်လက်ထိန်း သိမ်းထားမယ်လို့ ဆိုပြန်တော့ အရင်တုန်းက ဘယ်မှာထားသလဲ နေရာအတိအကျ မသိရသလို အခု လည်း ဘယ်နေရာ မှာ ဆက်ထားသလဲ မရေရာ။

ဒေါ်အောင်ဆန်းစုကြည်ကို ထိန်းသိမ်းထားတဲ့ နေရာအတိအကျကို ပြောပြဖို့တောင် စစ်အုပ် စုက ကြောက်နေပုံထောက်ရင် ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာသံတမန်တစ်ဦးဦး ဒါမှမ ဟုတ် ဒေါ်အောင် ဆန်းစုကြည်ရဲ့ ရှေ့နေအဖွဲ့နဲ့ တွေ့ဆုံခွင့်ပြုဖို့ရာ လောလောဆယ် အစီအစဉ်မရှိ သေးဘူးလို့ပဲ မှတ်ယူရမယ့်ပုံ။ ပြောရရင် ဘယ်သူနဲ့မှ တွေ့ဆုံခွင့်မပြုခြင်းဟာ ထောင်ထဲမှာပဲထား ထား၊ အိမ်မှာပဲထားထား အလုံပိတ်ထား ခြင်းသာဖြစ်လို့ ထူးမခြားနားသာ ဖြစ်ပါတယ်။

စစ်အုပ်စုက ဒေါ်အောင်ဆန်းစုကြည်သတင်းကို ဖော်ပြရာမှာ ဓာတ်ပုံတစ်ပုံ ထုတ်ပြခဲ့တယ်။ ဒေါ် အောင်ဆန်းစုကြည်နဲ့ စစ်ယူနီဖောင်းဝတ် ၂ဦးနဲ့ ရဲယူနီဖောင်းဝတ်တစ်ဦးတို့ စကားပြောနေ ကြ တဲ့ဓာတ်ပုံ။ အဲဒီ ဓာတ်ပုံမှာ ထိုင်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ပုံကို ရှေ့တည့်တည့်ကနေ ရိုက်ထား တာ ကြောင့် အရင်ကထက် ပိန်သွားတာကလွဲလို့ ကျန်းမာရေးကောင်းပုံရတဲ့ ဒေါ်အောင်ဆန်းစုကြည် ကို တွေ့ရတယ်။ပြီးတော့ ဒေါ်အောင် ဆန်းစုကြည်ရဲ့ စတိုင်အတိုင်း တင်းမာခက်ထန်နေတဲ့ မျက်နှာ ထားမျိုးမရှိ။ မဆိုသလောက် ခပ်ပြုံးပြုံးလေးနဲ့ အမှောင်ချ ပိတ်လှောင်ထားပေမဲ့ အေးဆေးပဲ ဆိုတာ မျိုး။ ပြဿနာက အဲဒီဓာတ်ပုံကို ဘယ်တုန်းက ရိုက်ထား သလဲ မသိရတာကြောင့် ဒေါ်အောင်ဆန်းစု ကြည်ရဲ့ လက်ရှိကျန်းမာရေးအခြေအနေကို တပ်အပ်မသိ ရပြန်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မျက်နှာချင်းဆိုင်မှာထိုင်နေတဲ့ စစ်ယူနီဖောင်းနဲ့တစ်ယောက်ရဲ့ပုံ ကို နောက် ကျောသာမြင်ရတာကြောင့် ဘယ်သူလဲဆိုတာ ခန့်မှန်းချက်တွေသာ ထွက်လာတယ်။ပြီး တော့ ရဲယူနီဖောင်း ဝတ်တစ်ဦးရဲ့ပုံကိုလည်း ဘေးတစောင်းသာ မြင်ရ။ နောက်ထပ် စစ်ယူနီဖောင်း ဝတ် တစ်ဦးကိုတော့ လက်သာ မြင်ရတယ်။ပြောရ ရင် ဒေါ်အောင်ဆန်းစုကြည်ကို သွားတွေ့တဲ့ မင်း အောင်လှိုင်အစေအပါးတွေရဲ့ပုံကို မမြင် စေလိုကြောင်း သိသာတဲ့ ဓာတ်ပုံ။ဘာ့ကြောင့် မမြင်စေလိုရ တာလဲ။ ဓာတ်ပုံတစ်ပုံကိုတောင် ဘာ့ကြောင့် ကြောက်လန့်တကြား လျှို့ဝှက်ချင်နေရတာပါလဲ။ နောက်တစ်ဆင့် ထပ်တွေးချင်စရာ အဖြာဖြာ….။

ဒေါ်အောင်ဆန်းစုကြည်သတင်းနဲ့ ပတ်သက်ပြီး နောက်ထပ်စိတ်ဝင်စားစရာက ဧပြီ၃၀ရက် သတင်း စာရှင်းပွဲမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရက ဒေါ်အောင်ဆန်းစုကြည်ဟာ တရုတ်နိုင်ငံရဲ့ မိတ် ဆွေဟောင်းတစ်ဦးဖြစ်ပြီး သူ့ရဲ့အခြေအနေကို အမြဲမပြတ် ဂရုပြုလျက်ရှိ ကြောင်း ပြောကြားပြီးမှ စစ်အုပ်စုရဲ့ လျှို့ဝှက်နေအိမ်မှာ ပြောင်းရွှေ့ထိန်းသိမ်းမယ်ဆိုတဲ့ ထုတ်ပြန် ချက် ထွက်ပေါ်လာခြင်းပါပဲ။

AFPသတင်းဌာနက တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိရဲ့ နေပြည်တော်ခရီးစဉ်မှာ ဒေါ်အောင် ဆန်းစု ကြည်ကိစ္စ မင်းအောင်လှိုင်နဲ့ ဆွေးနွေးမှုရှိပါသလားဆိုတဲ့ မေးမြန်းချက်ကို တရုတ်နိုင်ငံခြား ရေးဝန်ကြီးဌာန ပြောခွင့်ရက ပြန်လည်ဖြေကြားခြင်းလို့ ဆိုပေမဲ့ ဒါဟာ ရည်ရွယ်ချက်ရှိတဲ့ ကြိုတင် ပြင်ဆင်ထားချက်လို့ အတိ အကျပြောနိုင်ပါတယ်။

တရုတ်အစိုးရက ဘာကို ရည်ရွယ်တာလဲဆိုတော့ ဒေါ်အောင်ဆန်းစုကြည်ကို လျှို့ဝှက်နေ အိမ် သို့ ပြောင်းရွှေ့မှုမှာ သူတို့ရဲ့အခန်းကဏ္ဍပါကြောင်းနဲ့ ဒေါ်အောင်ဆန်းစုကြည်အပေါ် မိတ်ဆွေ ဟောင်း တစ်ဦးအ နေနဲ့ အမြဲအပြတ်ဂရုတစိုက်ရှိကြောင်း မြန်မာပြည်သူတွေကို သိစေလိုတဲ့ ရည် ရွယ်ချက်။ဘာ့ကြောင့် သိစေလို တာလဲဆိုတော့ မြန်မာပြည်သူတို့ကြား အပြင်းအထန်ဒီတက်နေတဲ့ တရုတ်ဆန့်ကျင်ရေးစိတ်ဓာတ်ကို လေ ပေါင်လျှော့ချချင်တာကြောင့်လို့ထင်တယ်။ ပြောရရင် မြန်မာ ပြည်သူတို့ရဲ့ နှလုံးသားထဲက ဒေါ်အောင်ဆန်းစု ကြည်ကို သူတို့လည်း အလေးအနက်ထားပါ တယ်ဆိုတဲ့ မျက်နှာဖုံး ကောက်စွပ်ပြလိုက်တဲ့သဘော။

တရုတ်အစိုးရရဲ့ မြန်မာ့အရေးအစစ်အမှန် ရည်ရွယ်ချက်က ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ် ပေး၊ တွေ့ဆုံဆွေးနွေးအဖြေရှာခြင်းနည်းနဲ့ တည်ငြိမ်မှုတစ်ခု ရှာဖွေ၊ မင်းအောင်လှိုင်သည် လည်း သမ္မတအဖြစ် တရားဝင်စေ။ သေနတ်ကိုင်ထားတဲ့ နွေဦးတော်လှန်ရေးအင်အားစုကို အဲဒီလို နည်းနဲ့ နိုင်ငံရေးစည်းဝိုင်းရဲ့ အပြင်ဘက်သို့ မောင်းထုတ်ဖယ်ရှားပစ်ရေးဆိုတဲ့ မဟာဗျူဟာမြောက် စိတ်ကူးယဉ်ချက်။

ပြဿနာက သူတို့လူ မင်းအောင်လှိုင်က ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးဖို့မပြောနဲ့။ ဒေါ် အောင်ဆန်းစုကြည်ကို ဘယ်နေရာမှာ ထားသလဲဆိုတာတောင် လူသိမခံ အကြောက်ကြီး ကြောက်နေရတဲ့ဘ ဝ။လက်ရှိမှာတောင် နိုင်ငံတကာဖိအားတွေဝင်လာတာနဲ့ အာဆီယံအဆင့်မှာ တ ရားဝင်မှုတစ်စုံတစ်ရာ ရရှိနိုင် မလားဆိုတဲ့ မျှော်လင့်ချက်အရ ထောင်ထဲကနေ ထောင်ပုံစံစီမံထားတဲ့ အိမ်ထဲ ဆက်လက်အလုံပိတ်တဲ့နည်း ကိုသုံးကာ နှစ်ပေါက်တစ်ပေါက်ရိုက်ကြည့်တဲ့သဘော။

သန်းရွှေလက်ထက်ကလို ကိုယ့်အိမ်ကိုယ့်ယာမှာ ကိုယ့်လူ၂ယောက်နဲ့ နေအိမ်အကျယ်ချုပ်အ ဆင့် ဝေးစွ။ဘယ်နေရာမှာ ထိန်းသိမ်းထားသလဲဆိုတာကိုတောင် မပြောရဲခြင်းမှာ အကြောက်တရား တင်မက အာဃာတကြီးစွာနဲ့ အငြိုးတကြီး ရက်စက်နေခြင်းလည်း ပါဝင်နေတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ဉာဏ်ပညာကြီးမှု၊ နိုင်ငံရေးဩဇာကြီးမှု၊ လူထုထောက်ခံမှုကြီးမှုနဲ့ အမှန် တရားအတွက် လက်သီးဆုပ်မဖြည် ခံနိုင်ရည်ကြီးမှုတို့အပေါ် မင်းအောင်လှိုင် မနာလိုစိတ်ကြီး ရတယ်။ မနာလို စိတ်ကို ထိန်းသိမ်းနိုင်စွမ်းတဲ့ ဆင်ခြင်တုံတရားလည်း ချို့တဲ့လေတော့ ရင်ဘတ်ထဲ တဝုန်းဝုန်းမြည်နေတဲ့ မီး တောင်တစ်လုံးအဖြစ်နဲ့ အသက်၈၀ကျော်အရွယ် နိုင်ငံ့ခေါင်းဆောင်တစ်ဦး အပေါ် ပုဂ္ဂိုလ်ရေးညှင်းပန်းမှုတွေ အထိ ယုတ်မာပက်စက်၊အပြီးအပြတ် ချေမှုန်းရေးအထိ အကြံကြီး ကြီး။

အခု မင်းအောင်လှိုင်လုပ်နေတာက ဒေါ်အောင်ဆန်းစုကြည်ကို ဓားစာခံအဖြစ်နဲ့ကိုင်ကာ အ တိုးအ ဆုတ် အယောင်ပြမှုတွေနဲ့ နိုင်ငံရေးခွေးကတက်ကနေ ဆက်တက်ခွင့်ရမလားလို့ စိတ်ကူးယဉ် ချက်ထက်မပို။ မြန်မာပြည်သူတွေရဲ့ ပြတ်သားတဲ့ တောင်းဆိုချက်ဖြစ်တဲ့ ဒေါ်အောာင်ဆန်းစုကြည် ကို ခြွင်းချက်မရှိ ပြန်လွှတ်ပေးဖို့ဆိုတာကတော့ အကြောက်ကြီးလှတဲ့ မင်းအောင်လှိုင်အတွက် အိပ် မက်ထဲတောင် ထည့်မက်ရဲမယ့်ပုံမပေါ်။

သမ္မတအိမ်တော်ကြီးပေါ်က သမ္မတတု ဆက်ရမယ့် ရှေ့ခရီးအတွက် လျာထားချက်လမ်း ကြောင်းတစ်ခုလည်း ရှိသေးဟန်မတူ။

စာတည်း-ကိုဆန်း