စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် လက်နက်ခဲယမ်းပို့ဆောင်ရန် စစ်တပ်က ဖမ်းဆီးသွားသည့် အရပ်သားကားများ ပြန်မလွတ်သေးကြောင်း သိရသည်။
မေလ ၃ရက်က ကလေးမြို့မှ ချင်းပြည်နယ်၊ တီးတိန်မြို့နယ်သို့ လက်နက်ခဲယမ်းပို့ဆောင် ရန်အ တွက် အရပ်သားကား ၁၀ စီးကို စစ်တပ်က ဖမ်းဆီးခဲ့ရာ ယနေ့ ( မေလ ၅ရက် ) အထိ ပြန်လည် လွတ်မြောက်လာခြင်းမရှိသေးကြောင်း ကလေးမြို့ရှိ အသက် ၄၀ အရွယ် စစ်ရေးသတင်းရင်းမြစ်ထံ က သိရသည်။
” ၃ရက်နေ့ညနေက တာဟန်းနေကြာတိုက်ရှေ့မှာ ကား ၃ စီး အဆွဲခံရတယ်။ အဲဒီနေရာမှာ စစ်တပ် ဂိတ်ရှိတယ်။ တစ်ရက်တည်းနဲ့ အဆွဲခံရတာ အရပ်သားကား ၁၀ စီးလောက်ရှိတယ်။ ၁၀ဘီးကား၊ ၁၂ဘီးကားလို ကားအကြီးတွေ ဆွဲခံရတာ။ ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်တွေပါ တပါတည်း ဖမ်း ခံရတာပေါ့။ အဲ့ဒီကားတွေကို ချင်းတောင်ပေါ်၊ တီးတိန်ဘက်ကို လက်နက်ခဲယမ်းနဲ့ စားနပ်ရိက္ခာတွေ ပို့ခိုင်းဖို့ ဆွဲတာလို့ သိရတယ်။ ကားတစ်စီးစီကို သေတ္တာအလုံး ၅၀ စီ တင်ခိုင်းထားတယ်။ အဓိကက ခဲယမ်းနဲ့ ရိက္ခာတွေပါ။ ကလေးကနေ စထွက်ပြီလားတော့ သေချာမသိရသေးဘူး” ဟု ၎င်းက MPA ကို ပြောသည်။
ချင်းပြည်နယ်၊ ဖလမ်းမြို့သို့ စစ်တပ် စစ်ကြောင်းထိုးစဉ်ကလည်း ကလေးမြို့က အရပ်သားကားများ ကို ဖမ်းဆီး၍ လက်နက်ခဲယမ်းပို့ဆောင်ခိုင်းသည့် ဖြစ်စဉ်များ ရှိခဲ့ဖူးပြီး ဧပြီ ၂၅ရက်က ဖလမ်းမြို့ကို စစ်တပ်က သိမ်းပိုက်ခဲ့သော်လည်း ယင်းကားများမှာ ပြန်လည်လွတ်မြောက်လာခြင်း မရှိကြောင်း သိရသည်။
” ဖလမ်းသိမ်းတုန်းက ဆွဲခံရတဲ့ ကားတွေတောင် ခုထိ ပြန်မလွတ်သေးတာ။ ဒီကားတွေဆို ပိုဆိုးတာ ပေါ့။ ခုက ချောဆွဲခံရပြီဆို ပြန်လမ်းမရှိတော့ဘူးလို့ မှတ်ပေတော့ပဲ။ ဒါကြောင့် ကလေးမြို့သူ၊ မြို့ သားတွေနဲ့ တခြားနယ်ကနေ လာတဲ့ ကုန်ကားသမားတွေလည်း ဂရုစိုက်စေချင်တယ်” ဟု ၎င်းက ဆက်လက်ပြောသည်။
စစ်တပ်က ဖလမ်းမြို့ကို သိမ်းပိုက်စဉ် ကလေးမြို့မှ အရပ်သားကား အစီး ၂၀ ထက်မနည်း ဖမ်းဆီး ခံရပြီး လက်နက်ခဲယမ်း သယ်ပေးခဲ့ရသည်။
ကလေးမြို့တွင်းအခြေအနေ မတည်ငြိမ်ချိန်တွင် မြို့သူမြို့သားများအနေဖြင့် မလိုအပ်ဘဲ အပြင်ထွက် ခြင်းကို ရှောင်ကြဉ်ရန်နှင့် စစ်ဆေးရေးဂိတ်များရှိသည့် လမ်းမကြီးများကို တတ်နိုင်သမျှ ရှောင်ကွင်း သွားလာကြရန် ကလေးမြို့လူထုတိုက်ပွဲ ဦးဆောင်ကော်မတီက မေလ ၃ရက်တွင် သတိ ပေးထုတ် ပြန်ထားသည်။
