အာဆီယံဝန်ကြီး ၄ ဦး၏ နေပြည်တော်ခရီးစဉ် စစ်ကော်မရှင် ကန့်လန့်တိုက်နေ၍ ရွှေ့ဆိုင်းရခြင်းဖြစ်နိုင် ဟုဆို

အာဆီယံနိုင်ငံခြားရေးဝန်ကြီး၄ဦး၏ နေပြည်တော်ခရီးစဉ် ရုတ်တရက်ရွှေ့ဆိုင်းခြင်းသည် စစ်ကော်မရှင်နှင့် ညှိနှိုင်း၍ မရသော တစ်စုံတစ်ရာကြောင့် ဖြစ်နိုင်ကြောင်း ရန်ကုန်အခြေစိုက် နိုင်ငံရေး ဆောင်းပါးရှင်တစ်ဦးက ဆိုသည်။

စစ်ကော်မရှင် ရွေးကောက်ပွဲကိစ္စ ဆွေးနွေးရန် မလေးရှားနိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ဟာဆန် ဦးဆောင်ကာ အင်ဒိုနီးရှား၊ထိုင်းနှင့် ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးတို့ ပါဝင်သည့် နေပြည်တော်ခ ရီး စဉ်ကို စက်တင်ဘာ၁၉ရက် စတင်မည်ဟု စီစဉ်ထားသော်လည်း အောက်တိုဘာလအစောပိုင်းသို့ ရွှေ့ ဆိုင်းလိုက်ကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီးက Nikkei Asia သို့ ပြောကြားခဲ့ရာ ရွှေ့ဆိုင်းရ ခြင်းအကြောင်းရင်းကိုမူ ထုတ်ဖော်ပြောကြားခြင်းမရှိပေ။

“အာဆီယံနိုင်ငံခြားရေးဝန်ကြီး၄ဦး နေပြည်တော်လာမယ်ဆိုတာ အာဏာမသိမ်းခင်ကလည်းမရှိခဲ့ ဘူး။အာဏာသိမ်းပြီးတော့လည်း မရှိခဲ့ဘူးတော့ ထူးခြားတဲ့ ခရီးစဉ်ပေါ့။ဒီခရီးစဉ်မှာ စစ်ကော်မရှင် ရွေးကောက်ပွဲကို အသေးစိတ် ဆန်းစစ်မယ်။ပြီးရင် အောက်တိုဘာမှာ ကျင်းပမယ့် အာဆီယံထိပ်သီး အစည်းအဝေးမှာ ပြန်တင်ပြမယ်။အာဆီယံခေါင်းဆောင်တွေက အဲဒီတင်ပြချက်အပေါ်အခြေခံပြီး ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး အာဆီယံရဲ့သဘောထား ထုတ်ပြန်မယ့်သဘောလို့ သတင်းတွေအရ အဲဒီလို နားလည်ထားတယ်။အခု ခရီးစဉ်ကပ်မှ ဘာလို့ ရွှေ့ဆိုင်းရတာလဲဆိုတော့ အာဆီယံဝန်ကြီး တွေရဲ့ ခရီးစဉ်အတွင်း တွေ့ဆုံလိုမှုတွေနဲ့ပတ်သက်ပြီး မင်းအောင်လှိုင်ဘက်က လက်မခံနိုင်စရာ တစ်စုံတစ်ရာ ရှိနေတာကြောင့်လို့ အကြမ်းဖျင်းကောက်ချက်ချနိုင်တယ်”ဟု ၎င်းက MPAသို့ ပြော သည်။

၂၀၂၁ခုနှစ်၊ဧပြီလအတွင်း အာဆီယံခေါင်းဆောင်များ ချမှတ်ခဲ့သည့် မြန်မာ့အရေး အာဆီယံဘုံသ ဘောတူညီချက်၅ရပ်သည် စစ်တပ်၏ အာဏာသိမ်းမှုကို လက်မခံသည့် အခြေခံပေါ်မှ ထွက်ပေါ် လာခြင်းဖြစ်ပြီး ယင်းမူ၅ရပ်သည် စစ်ကော်မရှင် ပြုလုပ်လိုသည့် ငါတကောရွေးကောက်ပွဲနှင့် ပြဒါး တစ်လမ်းသံတစ်လမ်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ဆိုတော့ မင်းအောင်လှိုင်ရွေးကောက်ပွဲဆိုတာကို နေပြည်တော်အထိလာပြီး ဆန်းစစ်စရာအ ကြောင်းလည်း မရှိပါဘူး။မြန်မာပြည်သူတွေကလည်း အာဆီယံဝန်ကြီးတွေ ဒီကိစ္စအတွက် လာမှာ ကို မလိုလားဘူး။မင်းအောင်လှိုင်ကို အသိအမှတ်ပြုမှုတစ်ခုခု ဖြစ်မှာ ဘာဆိုဘာမှ မလိုလားဘူး” ဟု ၎င်းက ဆက်လက်ပြောသည်။

အာဆီယံနိုင်ငံခြားရေးဝန်ကြီး၄ဦး၏ အောက်တိုဘာလ နေပြည်တော်ခရီးစဉ်သည်လည်း မသေချာ တော့ဟု ယူဆနိုင်ကြောင်း ၎င်းက ဆိုသည်။

“မင်းအောင်လှိုင်က သူပေးတွေ့တဲ့လူတွေနဲ့ တွေ့၊သူတို့ပြောတာတွေကို နားထောင်၊လာပြီး အာမ ချောင်နဲ့ဆိုတာမျိုးပဲ ဖြစ်ချင်တာ။ရွေးကောက်ပွဲကို လာမေးခွန်းထုတ်တာမျိုး၊လာဆန်းစစ်တာမျိုးကို လက်ခံမှာ မဟုတ်ဘူး”ဟုလည်း နိုင်ငံရေးဆောင်းပါးရှင်က ပြောသည်။

ဇူလိုင်လအတွင်းက မလေးရှားနိုင်ငံ၌ ကျင်းပသည့် ၅၈ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီး များ အစည်းအဝေးတွင် မြန်မာအရေး ဖြေရှင်းရေး၌ စစ်ကော်မရှင်ရွေးကောက်ပွဲသည် ဦးစားပေး မဟုတ်ကြောင်း သဘောတူခဲ့ကြသည်ဟု မလေးရှားက ပြောကြားခဲ့ဖူးသည်။

“မင်းအောင်လှိုင်ရွေးကောက်ပွဲကို အခိုင်အမာ ပုံအောရပ်တည်တာ တရုတ်ပဲရှိတယ်”ဟု ၎င်းက ဆို သည်။

လာမည့် ဒီဇင်ဘာ၂၈ရက်တွင် ရွေးကောက်ပွဲစတင်ရန် စစ်ကော်မရှင်က စိုင်းပြင်းနေပြီဖြစ်သည်။