အာရက္ခတပ်တော် (AA) ၏ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ရခိုင်ပြည်နယ်၏ အနာဂတ်နှင့် မြန်မာ့နွေဦးတော်လှန်ရေး အခြေအနေများအပေါ် သုံးသပ်ရာတွင် ပြည်သူများအနေဖြင့် မိမိတို့၏ မျှော်မှန်းချက်များ ပြည့်ဝစေရန်အတွက် အဆိုးဆုံးသော အခြေအနေများကိုပါ ကြိုတင်ပြင်ဆင်ထားကြရန် The Diplomat သတင်းဌာနနှင့် အင်တာဗျူးတွင် တိုက်တွန်းပြောကြားခဲ့သည်။
၎င်းက ရခိုင်ပြည်နယ်အတွင်းရှိ ပြည်သူများ ခံစားနေရသော ဆင်းရဲဒုက္ခများ အမြန်ဆုံးချုပ်ငြိမ်းစေရန် ရေရှည်တည်တံ့သော ဖြေရှင်းချက်များကို ရှာဖွေလျက်ရှိကြောင်းလည်း ထည့်သွင်းပြောဆိုခဲ့သည်။
ထို့ပြင် ဒေသတွင်း နိုင်ငံတကာဆက်ဆံရေးနှင့် ပတ်သက်၍ အိန္ဒိယနိုင်ငံသည် အလွန်အရေးပါသော အခန်းကဏ္ဍတွင် ရှိနေသဖြင့် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်လိုကြောင်း၊ အထူးသဖြင့် ကုလားတန်ဘက်စုံစီမံကိန်း (Kaladan Project) အောင်မြင်ချောမွေ့စေရန် အာရက္ခတပ်တော်အနေဖြင့် အပြည့်အဝ ကူညီပံ့ပိုးသွားရန် အသင့်ရှိကြောင်း ၎င်းက အတည်ပြုခဲ့သည်။
အလားတူ တရုတ်နိုင်ငံ၏ အခန်းကဏ္ဍအပေါ် ရှုမြင်ရာတွင်လည်း တရုတ်အနေဖြင့် မြန်မာနိုင်ငံအား တည်ငြိမ်စေလိုခြင်းမှာ ၎င်းတို့၏ အကျိုးစီးပွားကို ကာကွယ်ရန် ကြိုးပမ်းခြင်းသာဖြစ်ပြီး နိုင်ငံတိုင်း လုပ်ဆောင်လေ့ရှိသော သဘာဝဖြစ်သဖြင့် ယင်းကို ဖိအားပေးခြင်းဟု မယူဆကြောင်း ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ပြောကြားခဲ့သည်။
ယင်းအပြင် လူ့အခွင့်အရေးနှင့် ပတ်သက်ပြီး ထွက်ပေါ်နေသော စွပ်စွဲချက်များအပေါ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ငြင်းဆိုခဲ့ပြီး အချို့သော အဖွဲ့အစည်းများနှင့် ပြည်ပရောက် တက်ကြွလှုပ်ရှားသူအချို့သည် လူ့အခွင့်အရေးဥပဒေများကို လက်နက်သဖွယ် အသုံးချကာ ၎င်းတို့၏ အကျိုးစီးပွားအတွက် အာရက္ခတပ်တော်အပေါ် နာမည်ဖျက် စွပ်စွဲနေခြင်းဖြစ်ကြောင်း တုံ့ပြန်ခဲ့သည်။
မြေပြင်တွင် ချင်းလူမျိုးများနှင့် အဆင်ပြေစွာ လက်တွဲဆောင်ရွက်နေသကဲ့သို့ မူစလင်အသိုက်အဝန်းနှင့်လည်း ယုံကြည်မှု တည်ဆောက်နိုင်ရန် အချိန်ယူ ကြိုးပမ်းနေကြောင်း ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ရှင်းလင်းပြောကြားခဲ့သည်။
မူးယစ်ဆေးဝါးပြဿနာနှင့် ပတ်သက်၍မူ ရခိုင်ပြည်နယ်အတွင်း မူးယစ်ဆေးဝါး သုံးစွဲမှုနှင့် ကုန်သွယ်မှုမှာ စစ်တပ်အုပ်ချုပ်စဉ် ကာလများကထက် သိသိသာသာ လျော့နည်းသွားပြီဖြစ်ကြောင်း၊ စစ်ကော်မရှင်သည် မူးယစ်ဆေးဝါးစက်ရုံများ ရှိနေသည်ကို သိရှိသော်လည်း ထိရောက်စွာ နှိမ်နင်းခြင်း မရှိခဲ့ကြောင်း ၎င်းက ဝေဖန်ခဲ့သည်။
အာရက္ခတပ်တော်အနေဖြင့် ကုန်သွယ်မှု လမ်းကြောင်းများကို တင်းကျပ်စွာ စစ်ဆေးနေသော်လည်း ရေလမ်းကြောင်းများမှတစ်ဆင့် ခိုးသယ်နေသော ပြဿနာများကို အမြစ်ပြတ်ရန် အချိန်ယူရဦးမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။
နယ်စပ်လုံခြုံရေးနှင့် ပတ်သက်၍ မောင်တောဒေသတွင် ARSA အဖွဲ့၏ ခြိမ်းခြောက်မှုများကို ဒေသခံများ ကြောက်ရွံ့နေရဆဲ ဖြစ်ကြောင်းနှင့် အာဆာအဖွဲ့သည် မူးယစ်ဆေးဝါး ကုန်သွယ်မှုတွင် ပါဝင်ပတ်သက်နေကြောင်း အစီရင်ခံစာများ ရရှိထားသဖြင့် ထိုဒေသရှိ ပြည်သူများ လုံခြုံမှုရှိစေရန် အထူးအာရုံစိုက် ဆောင်ရွက်နေကြောင်း ၎င်းက ဆိုသည်။
ယင်းကိစ္စရပ်များအပေါ် နိုင်ငံရေးလေ့လာသူတစ်ဦးက “ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ ပြောကြားချက်တွေဟာ အာရက္ခတပ်တော်အနေနဲ့ စစ်ရေးသက်သက်တင်မဟုတ်ဘဲ အုပ်ချုပ်ရေးနဲ့ သံတမန်ရေးရာတွေမှာပါ အဆင့်သင့်ဖြစ်နေပြီဆိုတာကို ပြသနေတာပါ။ အိန္ဒိယရဲ့ စီမံကိန်းတွေကို ကူညီမယ်လို့ ပြောတာဟာ ဒေသတွင်း တရားဝင်မှု (Legitimacy) ကို တည်ဆောက်ဖို့ ကြိုးစားတာဖြစ်သလို၊ တရုတ်နဲ့ ပတ်သက်တဲ့ သုံးသပ်ချက်ကလည်း အိမ်နီးချင်းနိုင်ငံကြီးတွေကြားမှာ ဟန်ချက်ညီအောင် ထိန်းကျောင်းနိုင်စွမ်း ရှိတာကို ပြသနေတာ ဖြစ်ပါတယ်” ဟု သုံးသပ်သည်။
အခြားသော လေ့လာသူများကလည်း ဗိုလ်ချုပ်ထွန်းမြတ်နိုင်က အဆိုးဆုံးအခြေအနေအတွက် ပြင်ဆင်ရန် သတိပေးခဲ့ခြင်းမှာ ရှေ့လာမည့် ကာလများတွင် စစ်ရေးအရှိန် ပိုမိုမြင့်တက်လာနိုင်သည့်အပြင် နိုင်ငံရေးအရလည်း ပိုမိုခက်ခဲသော အလှည့်အပြောင်းများကို ရင်ဆိုင်ရဖွယ် ရှိနေသည်ကို ညွှန်ပြနေခြင်း ဖြစ်ကြောင်း မှတ်ချက်ပြုကြသည်။
နွေဦးတော်လှန်ရေးနှင့် ပတ်သက်၍ ဗမာပြည်မမှ ပြည်သူများ၏ ဆန္ဒကို လေးစားသကဲ့သို့ စိတ်တူကိုယ်တူ အဖွဲ့အစည်းများကိုလည်း ကူညီပေးလျက်ရှိကြောင်း ၊ တော်လှန်ရေး၏ အောင်မြင်မှုမှာ အဖွဲ့အစည်းအားလုံး၏ စုပေါင်းအင်အားအပေါ် မူတည်နေသဖြင့် အားလုံးက သတိကြီးစွာဖြင့် ပြင်ဆင်ထားကြရန် လိုအပ်ကြောင်း ၎င်းက အလေးပေး ပြောကြားခဲ့သည်။
အာရက္ခတပ်တော်အနေဖြင့် နယ်မြေစိုးမိုးမှုများ ရရှိလာသည့်အလျောက် ပြည်နယ်အတွင်း မူးယစ်ဆေးဝါး နှိမ်နင်းရေး၊ ကျန်းမာရေး ဝန်ဆောင်မှုနှင့် နယ်စပ်ဒေသ တည်ငြိမ်ရေးတို့ကို အဓိကထား လုပ်ဆောင်နေသည်ကို တွေ့ရသည်။ သို့သော်လည်း အိမ်နီးချင်းနိုင်ငံများနှင့် လက်တွေ့ကျကျ ပူးပေါင်းဆောင်ရွက်နိုင်မှုသည် ရခိုင်ပြည်နယ်၏ အနာဂတ် ပြန်လည်တည်ဆောက်ရေးအတွက် အလွန်အရေးကြီးသော အချက်ဖြစ်နေကြောင်း လေ့လာသူများက ထောက်ပြကြသည်။
ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ ပြောကြားချက်များသည် ရခိုင်ပြည်နယ်နှင့် မြန်မာ့နိုင်ငံရေး အခင်းအကျင်းသစ်တွင် အာရက္ခတပ်တော်၏ အခန်းကဏ္ဍမှာ ပိုမိုကျယ်ပြန့်လာနေသည်ကို ပြသနေပြီး၊ ဒေသတွင်းနိုင်ငံများနှင့် ထိတွေ့ဆက်ဆံမှုများမှာလည်း ယခင်ကထက် ပိုမိုအားကောင်းလာဖွယ် ရှိနေကြောင်း နိုင်ငံရေးလေ့လာသူများက သုံးသပ်သည်။
