ညွှန်မှူးလမ်းကြောင်းရှိသဖြင့် အရေးပေါ် ဆေးကုသခွင့်မရရှိခဲ့မှုကြောင့် သရက်ထောင်မှ နိုင်ကျဉ်းတစ်ဦးသေဆုံး

ဓာတ်ပုံ - Google (ပုံစာ - သရက်အကျဉ်းထောင်အားတွေ့ရစဉ်)

By Sayar Ngaat/MPA

မကွေးတိုင်း၊ သရက်အကျဉ်းထောင်တွင် ထောင်အာဏာပိုင်များက ညွှန်မှူးလမ်းကြောင်းရှိသဖြင့် အရေးပေါ် ဆေးကုသခွင့်မပေးခဲ့မှုကြောင့် နိုင်ငံရေးအကျဉ်းသားတစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၁၇ရက်၊ ညနေ ၄နာရီဝန်းကျင်အချိန်က အရေးပေါ် ဆေးကုသခွင့်ကို အချိန်မီ မရရှိခဲ့သဖြင့် နိုင်ငံရေးအကျဉ်းသား ကိုကျော်လင်းအောင် သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်မှ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောသည်။

” ဒီသေဆုံးမှုဟာ ထောင်ပိုင် စိုးနောင်ရဲ့ ညံ့ဖျင်းတဲ့ စီမံခန့်ခွဲမှုတွေကြောင့်၊ အထက်ကို ဖားဖို့အတွက် ပြင်ဆင်မှုတွေကြောင့် ဆုံးရတာဖြစ်ပါတယ်၊ တကယ်တမ်းဆိုရင် ရောဂါအခံကြီးကြီးမားမားမရှိသူတစ်ယောက်ကို ညွှန်မှူးလာမယ်ဆိုပြီးတော့ ထောင်ထဲကို ပြန်သွင်းတာက ရောဂါကိုပိုမိုဆိုးရွားစေပြီး အသက်ရှင်ဖို့လုနေရတဲ့သူတစ်ယောက်ကို သေဆုံးဖို့အတွက် တွန်းပို့လိုက်တဲ့အခြေအနေတခုဖြစ်သွားစေပါတယ် ” ဟု ကိုသိုက်ထွန်းဦးက ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၁၄ရက်‌တွင် ကိုကျော်လင်းအောင်သည် အသက်ရှူကြပ်သည့်ရောဂါမှာ ပိုမိုဆိုးရွားလာသည့်အတွက် ပြင်ပဆေးရုံသို့ ပြောင်းရွှေ့ကုသခွင့် ပေးရန် ထောင်ပိုင် စိုးနောင်ကို တင်ပြခဲ့ရာ ညွှန်မှူးလမ်းကြောင်းရှိနေသည်ဟုဆိုကာ ပြောင်းရွှေ့ကုသခွင့်မပေးဘဲ စက်တင်ဘာလ ၁၅ရက် နေ့မှသာ ပြောင်းရွှေ့ကုသခွင့်ပေးခဲ့ကြောင်းလည်း သိရသည်။

သရက်အကျဉ်းထောင်မှ ထောင်ပိုင် စိုးနောင်သည် အထက်လူကြီးများ သဘောကျအောင် ပြုမူ နေထိုင်ပြီး ၎င်း၏ လက်အောက်ရှိ ဝန်ထမ်းများကို ဖိနှိပ်မှုများလည်း ပြုလုပ်တတ် ကြောင်း သရက်အကျဉ်းထောင်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

” ထောင်ပိုင် စိုးနောင်က အထက်ဖားအောက်ဖိအရာရှိစာရင်းထဲမှာပါတယ်၊ ထောင်ပိုင်လေးကိုလည်း မူပြီးဆဲဆိုပြဿနာလုပ်ထားတာ ရက်ပိုင်းပဲရှိပါသေးတယ်၊ ထောင်ထဲက စျေးဘားတွေကိုလည်း မောင်ပိုင်စီးဖို့လုပ်နေလို့ ဝန်ထမ်းအများစုက မကျေနပ်ဖြစ်နေကြပါတယ် ” ဟု ၎င်းက ပြောသည်။

ထို့ပြင် ထောင်ပိုင် စိုးနောင်သည် စစ်ကော်မရှင်အောက်ခံ ထောင်ဝန်ထမ်းများကို ဖိနှိပ်မှုများအပြင် နိုင်ငံ ရေးအကျဉ်းသားများ‌အပေါ်တွင်လည်း အကျဉ်းထောင်ဥပဒေကို လက်တလုံးခြားလုပ်ကာ ဖိနှိပ်မှုများရှိကြောင်း၊ ယင်းကဲ့သို့ ဖိနှိပ်မှုများကြောင့်ထောင်ဆူပူသည်အထိ ဖြစ်စဉ်များလည်း ယခင်က ရှိကြောင်း ၎င်းက ဆက်လက် ရှင်းပြသည်။

လက်ရှိတွင် သရက်အကျဉ်းထောင်အတွင်း သေဆုံးခဲ့ရသည့် နိုင်ငံရေးအကျဉ်းသား ကိုကျော်လင်းအောင်၏ အလောင်းကို ရရှိရန်အတွက် မိသားစုဝင်များက ကြိုးစားလျှက်ရှိကြောင်းလည်း သိရသည်။

‌” အလောင်းကိုတော့ ထောင်ဘက်က ပြန်ပေးမယ်လို့ ပြောတယ် ” ဟု နိုင်ငံရေးအကျဉ်းသား ကိုကျော်လင်းအောင်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

အသက် ၄၅နှစ်အရွယ် နိုင်ငံရေးအကျဉ်းသား ကိုကျော်လင်းအောင်သည် ပုဒ်မ ၅၂(က)၊ ၅၁(ဂ) ပုဒ်မများဖြင့် မ‌‌တရားစီးခံခဲ့ရပြီးနောက် ပြည်အကျဉ်း ထောင်၌ ထောင်ဒဏ် ၁၁နှစ် ကျ‌‌နေခံရသူတစ်ဦးလည်း ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများကွန်ရက်၏ စာရင်းများအရ ၂၀၂၅ခုနှစ် ဇန်နဝါရီလမှ ယခု စက်တင်ဘာလအထိ အကျဉ်းထောင်များအတွင်း လုံလောက်စွာ ဆေးဝါးစောင့်ရှောက်မှု မရရှိမှုနှင့် အချိန်မီ ဆေးကုသခွင့် မရရှိမှုကြောင့် နိုင်ငံရေးအကျဉ်းသား၊အကျဉ်းသူ(၂၀)ဦး ကျဆုံးခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် စစ်တပ်‌အာဏာသိမ်းခဲ့သည့် ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလ ၁ရက်မှ ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ ၁၈ရက်အထိ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၉၆၉၈) ဦးရှိကာ အကျဉ်းထောင်များ ဖမ်းဆီးခြင်းခံနေရသူမှာ (၂၂၄၂၁) ဦးဖြစ်ကြောင်း နိုင်ရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP)၏ စာရင်းများအရ သိရသည်။

စာတည်း-ကိုဆန်း