မွန်တွင် လောင်းကစားဝိုင်းရှိသော မဲဆန္ဒနယ်က ပြည်နယ်အမတ်များ လိုင်းကြေးရမည်

ဓာတ်ပုံ-ပေးပို့
ပုံစာ-မွန်ပြည်နယ်လွှတ်တော်နှင့် မော်လမြိုင်မြို့လယ်ခေါင်ရှိ လောင်းကစားတန်း

မွန်ပြည်နယ်အတွင်း လောင်းကစားဝိုင်း ဖွင့်နေသောဒေသများရှိ ပြည်နယ်အမတ်များကို လိုင်းကြေး ပေးမည်ဟု သိရသည်။

မွန်ပြည်နယ်အတွင်းရှိ မြို့နယ်အများစုတွင် လောင်းကစားဝိုင်းများကို ယခင်တရားမဝင်ဝန်ကြီးချုပ် အောင်ကြည်သိန်းလက်ထက်ကတည်းက လိုင်းကြေးယူကာ တရားဝင်ဖွင့်လှစ်ခွင့်ပြုခဲ့ပြီး ယခုအစိုး ရတုလက်ထက်၌ ပြည်သူ့စစ်များကို ထောက်ပံ့ရန်ဟူသည့် ခေါင်းစဉ်ဖြင့် မွန်ပြည်နယ်အစိုးရတုအဖွဲ့၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ကျော်စွာမြင့်က ဆက်လက်တာဝန်ယူ လုပ်ဆောင်လျက်ရှိရာ သက်ဆိုင်ရာအမတ်များလည်း ရပ်ကျေးအုပ်ချုပ်ရေးမှူးများကဲ့သို့ လိုင်းကြေးဝေစုရမည်ဟု မွန်ပြည် နယ်အစိုးရတုရုံးနှင့် နီးစပ်သူတစ်ဦးထံက သိရသည်။

“အရင်က ကိုယ့်ရပ်ရွာထဲ လောင်းကစားဝိုင်းရှိရင် အဲရပ်ရွာက အုပ်ကြီးက လိုင်းကြေးရတယ်။နယ် ထိန်းလည်း ရတယ်။လောင်းကစားကန်ထရိုက်က ပေးတာ။အခုတော့ ပြည်နယ်အမတ်တွေကို သူတို့ မဲဆန္ဒနယ်မှာ ဝိုင်းရှိရင် ပေးမယ်။သူတို့လည်း အုပ်ကြီးနဲ့ တန်းတူပေါ့။အခု ရနေပြီလားဆိုတာတော့ မသိရသေးဘူး။မော်လမြိုင်မှာတော့ ညတိုင်း လောင်းကစားဝိုင်းရှိတယ်”ဟု ၎င်းက MPAသို့ပြော သည်။

မွန်ပြည်နယ်အစိုးရတုက လိုင်းကြေးယူကာ တရားဝင်ဖွင့်လှစ်ခဲ့ပြုထားသော ယင်းလောင်းကစားဝိုင်း များကို လွှတ်တော်အမတ်များက လွှတ်တော်မှနေ၍ ကန့်ကွက်မည်ဆိုသည့် လေသံတောင် မဟကြ ကြောင်း ဒေသတွင်းပါတီများနှင့် နီးစပ်သည့် မော်လမြိုင်မြို့ခံတစ်ဦးက ပြောသည်။

“တကယ်ကို ဘုရားစူး၊ ဘယ်အမတ်ကမှ ဒီကိစ္စ လွှတ်တော်အစည်းအဝေးကျရင် ကန့်ကွက်မယ်ဆိုတဲ့ လေသံတောင် မဟရဲဘူး။စိတ်နဲ့တောင် မပြစ်မှားရဲကြဘူး။သူတို့ လိုင်းကြေး ခွဲတမ်းရ၊မရတော့ မသိ သေးဘူး။ရမယ်မှန်းသိလို့ မကန့်ကွက်ကြတာလည်း ဖြစ်နိုင်တယ်။မရလည်း အစိုးရလုပ်နေတာ မ ကန့်ကွက်ရဲပါဘူး” ဟု ၎င်းက ပြောသည်။

လက်ရှိတွင် တင်ဒါအောင်ကုမ္ပဏီများကို စစ်ဆေးရန်နှင့် မီးရထားလက်မှတ်မှောင်ခိုပပျောက်ရေး တို့ ကို လွှတ်တော်အမတ်အချို့က လွှတ်တော်သို့ တင်ပြသွားမည်ဟု သိရကြောင်း ၎င်းက ဆိုသည်။

“တင်ဒါအောင်ကုမ္ပဏီတွေကို စစ်မယ်ဆိုတာကတော့ ကုမ္ပဏီတွေကို လွှတ်တော်လမ်းကြောင်း၊ လွှတ်တော်လုပ်ပိုင်ခွင့်ကနေ လည်မျိုညှစ်တာပေါ့။ပိုက်ဆံကျလာအောင်။အဲဒါမျိုးကို ကြံ့ဖွံ့တွေက ကောင်းကောင်းလုပ်စားတတ်တယ်”ဟု ၎င်းက ဆက်လက်ပြောသည်။

မွန်ပြည်နယ်အတွင်းရှိ တရားမဝင်ရွေးကောက်ပွဲတွင် ဒုတိယအများဆုံး အနိုင်ရရှိခဲ့သည့် မွန်ညီညွတ် ရေးပါတီက ချောင်းဆုံ၊ မုဒုံ၊ ပေါင်၊ သံဖြူဇရပ်နှင့် ရေးမြို့နယ်တို့တွင် လွှတ်တော်ကိုယ်စားလှယ်ရုံး များ ဖွင့်လှစ်ထားပြီး ဒေသတွင်းလိုအပ်ချက်နှင့် ပြည်သူတို့၏အခက်အခဲများကို ဖြေရှင်းပေးမည်ဟု မွန်ညီညွတ်ရေးပါတီက ထုတ်ပြန်ထားသည်။

“ကျနော်တို့ဆီက ပြည်သူတွေက ကိုယ့်ဒေသ သိက္ခာကျနေတဲ့ အဲဒီလောင်းကစားဝိုင်းလုပ်နေတာ လုံးဝမကြိုက်ကြဘူး။လူတွေလည်း စာရိတ္တပျက်ကပျက်နဲ့။အဲကိစ္စ မွန်ပါတီအမတ်တွေကို တင်ပြရင် လုပ်ပေးမှာလား။မလုပ်မှာတော့ သေချာတယ်။သွားတင်ပြတဲ့သူကို မဖမ်း ကံကောင်းပဲ။မွန်ပါတီဆို တာလည်း ကြံ့ဖွံ့နဲ့ တူတူပဲ”ဟု ချောင်းဆုံမြို့နယ်၊ပိုင်လဝမ်းရွာသားတစ်ဦးက ပြောသည်။

၂၀၂၄ခုနှစ်၊နိုဝင်ဘာ၁၅ရက်(တန်ဆောင်တိုင်လပြည့်နေ့)မှစတင်ကာ မော်လမြိုင်မြို့ပေါ်ရှိ ရပ်ကွက် များတွင် ဘာသာရေးအထိမ်းအမှတ်တစ်ခုခုအကြောင်းပြချက်ဖြင့် ဇာတ်ပွဲသွင်း၍ လောင်းကစားဝိုင်း ခင်းခြင်းကို စတင်ခဲ့ရာ အာဏာသိမ်းစစ်အုပ်စုလက်ထက်၌ မော်လမြိုင်မြို့ကို မြန်မာ့ ပထမ လောင်း ကစားမြို့အဖြစ် တည်ဆောက်နိုင်ခဲ့သည်အထိ အောင်မြင်ခဲ့သည်။

မွန်ပြည်နယ်အတွင်း ပြုလုပ်နေသော လောင်းကစားဝိုင်းများမှာ အနီထောင်၊ဖဲ၊ဂလုတ်ဂလုတ်နှင့် အရုပ်လှည့်ခြင်းတို့ဖြစ်သည်။