ဖလမ်းသို့လာသည့် Non CDM ယာဉ်တန်း တိုက်ခိုက်ခံရပြီး ဗိုလ်ကြီးတစ်ဦးအပါ ၈ ဦးသေ

ဓာတ်ပုံ - စစ်တပ်ဝါဒဖြန့်ချန်နယ်
ပုံစာ - ဖလမ်းမြို့သို့ Non CDM ဝန်ထမ်းများ ရောက်ရှိစဉ်

ချင်းပြည်နယ်၊ ဖလမ်းမြို့ အုပ်ချုပ်ရေးယန္တရားလည်ပတ်ရန်အတွက် ကလေးမြို့မှ ထွက်လာသည့် Non CDM ယာဉ်တန်း တိုက်ခိုက်ခံရပြီး ဗိုလ်ကြီး တစ်ဦးအပါအဝင် ၈ဦး သေဆုံးခဲ့ကြောင်း သိရသည်။

မေလ ၆ရက်၊ နံနက်ပိုင်းက စစ်ကိုင်းတိုင်း၊ ကလေးမြို့မှ ထွက်လာသည့် Non CDM ယာဉ်တန်းကို ကလေးမြို့နှင့် သိုင်းငင်းရွာကြားရှိ ကော်ဖီခြံအကွေ့တွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း CDF-CDM Siyin တပ်ဖွဲ့ထံက သိရသည်။

” Non CDM တွေကို လုံခြုံရေးယူပေးတဲ့ယာဉ်တန်းမို့ ဝန်ထမ်းထိမှာစိုးလို့ ယာဉ်တန်းရဲ့ နောက်ဆုံးကား ၂စီးကိုပဲ ဦးတည်တိုက်ခိုက်ခဲ့တာပါ။ အပြန်အလှန် မိနစ်အနည်းငယ်တော့ ပစ်ကြပါတယ်။ ကားတွေ အတင်းမောင်းပြေးတာ။ ‌တပ်မ ၇၇ က ဗိုလ်ကြီးတစ်ဦး၊ ဗိုလ်တစ်ဦးနဲ့ စစ်သား‌ ၃ဦးရဲ့အလောင်းကို ကျနော်တို့ သိမ်းဆည်းရမိပါတယ်။ သေဆုံးတာက စုစုပေါင်း ၈ဦးရှိပါတယ်။ လက်နက်တွေလည်း ရတယ်” ဟု CDF-CDM Siyin တပ်ဖွဲ့မှ ရဲဘော်တစ်ဦးက MPA ကို ပြောသည်။

ယင်းတိုက်ခိုက်မှုအတွင်း သေနတ်၄လက် သိမ်းဆည်းရမိခဲ့ပြီး မော်တော်ယာဉ် ၂စီးလည်း ပျက်စီးခဲ့ကြောင်း သိရသည်။

” အဲဒီယာဉ်တန်းမှာ လော်ဘီကျော်စိုးဦးပါလာတဲ့ ကားကို လိုက်ပစ်ပေမဲ့ လွတ်သွားတာတော့ ရှိတယ် ” ဟု ၎င်းက ဆက်လက်ပြောသည်။

ဖလမ်းမြို့ အုပ်ချုပ်ရေးယန္တရား ပြန်လည်ဖော်ဆောင် ရန်အတွက် Non CDM ဝန်ထမ်း ၁၀၀ ကျော်ကို ကား အစီး ၂၀ ကျော်၊ မော်တော်ဆိုင်ကယ် အစီး ၁၅၀ ခန့်ဖြင့် ပို့ဆောင်ခဲ့ရာ မေလ၆ရက် ညနေပိုင်း၌ ဖလမ်းသို့ ရောက်ရှိခဲ့သည်။

ဖလမ်းမြို့ကို ၂၀၂၅ခု၊ ဧပြီလအတွင်း ချင်းညီနောင်က သိမ်းပိုက်ခဲ့ပြီး ၂၀၂၆ခုနှစ်၊ ဧပြီ ၂၅ရက်တွင် စစ်တပ်က ပြန်လည်သိမ်းပိုက်ခဲ့သည်။

စစ်သားများ သေဆုံးမှုကို MPAအနေနှင့် သီးခြားအတည်မပြုနိုင်ပေ။