မကွေးတိုင်း ၊ ဂန့်ဂေါမြို့နယ်၊ NUGအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန အကျဉ်းထောင်ထဲရှိ စစ်သုံ့ပန်း ၂ ဦးအပါအဝင် အကျဉ်းသား ၃ ဦး ထွက်ပြေးသွားကြောင်း သိရသည်။
မေလ ၇ ရက်၊ နေ့လယ်ပိုင်းတွင် ဂန့်ဂေါမြို့နယ်က NUGကာကွယ်ရေးဝန်ကြီးဌာန-MOD ကွပ်ကဲမှု အောက်ရှိ တောတွင်းအကျဉ်းထောင်တစ်ခု၌ အကျဉ်းချခံထားရသည့် မင်းရွာရဲစခန်းမှ စစ်သုံ့ပန်း ၂ ဦးနှင့် ရွှေဘိုရွာ လူသတ်မှုဖြစ်စဉ်ကြောင့် ထိန်းသိမ်းခံထားရသူတစ်ဦးတို့ ထွက်ပြေးသွားကြောင်း ဒေသတွင်း နွေဦးတော်လှန်ရေးစာမျက်နှာ ယောအလင်းတန်းက ယနေ့(မေလ ၈ ရက်) နံနက်ပိုင်း၌ သတင်းထုတ်ပြန်သည်။
“အခြားသူတွေကို အန္တရာယ်ပြုခဲ့တာ မရှိပါဘူးဗျ။တိတ်တဆိတ် ထွက်ပြေးသွားတာလို့ သိရတယ်ဗျ။ အသက်က ၂၇ ကနေ ၃၀ ဝန်းကျင်တွေပါဗျ။ ခလရ ၅၀ ကို ဦးတည်ပြေးနိုင်တယ်လို့ ခန့်မှန်းရ တယ် ဗျ”ဟု ယောအလင်းတန်းမှ တာဝန်ရှိသူတစ်ဦးက MPA သို့ပြောသည်။
၎င်းတို့ ၃ ဦးသည် ယနေ့ထိ ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်ပြီး လက်နက်ခဲယမ်းများ ယူဆောင်သွားခြင်းမရှိကြောင်းနှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများက လိုက်လံရှာဖွေနေကြောင်း သိရသည်။
“ထွက်ပြေးလွတ်မြောက်တဲ့ အကျဥ်းသားတွေကြောင့် လေကြောင်းလာနိုင်ပါတယ်။ သက်ဆိုင်ရာ အဖွဲ့နဲ့ ပြည်သူများ ကြိုတင်စီမံပြင်ဆင်ကြပါလို့ပဲ ပြောချင်ပါတယ်။ အရင်တစ်ခါကလည်း အခုလိုအကျဥ်းသား ထွက်ပြေးပြီး လေကြောင်းလာကြဲပါတယ်”ဟု ၎င်းကဆက်လက် ပြောသည်။
ယခုနှစ် ဧပြီလကုန်ပိုင်းကလည်း ပကဖ အကျဉ်းထောင်၌ ဖမ်းဆီးထားသည့် မင်းရွာရဲစခန်းမှ စစ်သုံ့ပန်းတစ်ဦး ထွက်ပြေးခဲ့သေးပြီး ယင်းအကျဉ်းသား ထွက်ပြေးလွတ်မြောက်ပြီးနောက် ပကဖ အကျဉ်းထောင်အနီး လေကြောင်းတိုက်ခိုက်မှုများ ရှိခဲ့သော်လည်း ထိခိုက်သေဆုံးသူ မရှိကြောင်း သိရသည်။
ဂန့်ဂေါမြို့နယ်၊ မင်းရွာရဲစခန်းကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၃ ရက်တွင် တော်လှန်ရေးတပ်ဖွဲ့များက သိမ်းပိုက်ခဲ့ခြင်း ဖြစ်ပြီး စစ်သုံ့ပန်း ၁၇ ဦးကို ဖမ်းဆီးရမိခဲ့သည်။
