လေးဝတီမျိုးချစ်လူငယ်ဖောင်ဒေးရှင်း၏ အခမဲ့ပညာရေးအစီအစဉ် ရန်ပုံငွေအခက်အခဲကြောင့် ဝိုင်းဝန်းကူညီရန်လိုအပ်

ဓာတ်ပုံ-ပေးပို့
ပုံစာ-ယမန်နှစ်က လေးဝတီမျိုးချစ်လူငယ်ပညာရေး ဖောင်ဒေးရှင်းမှ အမဲ့ပညာသင်ကြားပေးခဲ့သည့် ကျောင်းသားများ

ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်အတွင်း ဖွဲ့စည်းထားသည့် လေးဝတီမျိုးချစ်လူငယ် ပညာရေးဖောင်ဒေးရှင်းတွင် ရခိုင်ပြည်အတွင်းက ကျောင်းသားလူငယ်များအား အခမဲ့ပညာသင်ကြားပေးနိုင်ရေးအတွက် အကူအညီအထောက်အပံ့များ လိုအပ်နေကြောင်း အသင်းတာဝန်ရှိသူများထံမှ သိရသည်။

အဆိုပါ လေးဝတီမျိုးချစ်လူငယ်ပညာရေးဖောင်ဒေးရှင်းကို ၂၀၂၅ ခုနှစ်၊ ဇူလိုင်လအတွင်းက ပြည်တွင်းပြည်ပရှိ အသင်းဝင်များနှင့် စနစ်တကျ ဖွဲ့စည်းထားသည့် အသင်းတစ်ခုဖြစ်ကြောင်း သိရသည်။

စတင်ဖွင့်လှစ်ခဲ့သည့် ၂၀၂၅ ခုနှစ် ပညာသင်နှစ်မှာပင် သူငယ်တန်းမှ ၇ တန်းအထိ ကျောင်းသားလူငယ် ကိုးဆယ်ကျော်ကို ဆရာ၊ ဆရာမ လေးဦးဖြင့် အခမဲ့ပညာသင်ကြားပေးနိုင်ခဲ့ကြောင်း သိရသည်။

၂၀၂၆ ခုနှစ် ပညာသင်နှစ်တွင် သူငယ်တန်းမှ ကိုးတန်းအထိ ကျောင်းသားလူငယ်များကို တိုးမြှင့်သင်ကြားပေးနိုင်ရန် ကြိုးပမ်းနေပြီး ရန်ပုံငွေနည်းပါးနေသည့်အတွက် ပြည်တွင်းပြည်ပ အလှူရှင်များထံမှ အကူအညီအထောက်အပံ့များ လိုအပ်နေသည်ဟု အသင်းတာဝန်ရှိသူတစ်ဦးက ပြောသည်။

“ပြီးခဲ့တဲ့နှစ်က ကျောင်းသား ကျောင်းသူ ကိုးဆယ်ကျော်လောက်ကို လိုအပ်တဲ့ ကျောင်းသုံးကိရိယာ စာအုပ်၊ ခဲတံ၊ ဘောပင်၊ ထီး၊ မိုးကာ၊ ဖိနပ်ကအစ ထောက်ပံ့ပြီး သင်ကြားပေးနိုင်ခဲ့တယ်။ အားလုံးသိန်း နှစ်ရာကျော်လောက်ကုန်ခဲ့တယ်။ ဒီနှစ်က ကလေးတွေကို တိုးလို့လက်ခံဖို့ လုပ်ထားတော့ အကူအညီအထောက်အပံ့တွေ လိုနေပါတယ်” ဟု အဆိုပါအသင်းတာဝန်ရှိသူက ဆိုသည်။

လေးဝတီမျိုးချစ်လူငယ်ပညာရေးဖောင်ဒေးရှင်းက အခမဲ့ပညာသင်ကြားပေးနေသည့် ကျောင်းသားလူငယ်များမှာ ရခိုင်ပြည်အတွင်း ပညာသင်ရန် အခက်အခဲဖြစ်နေကြသည့် စစ်ဘေးရှောင်ကလေးငယ်များနှင့် နွမ်းပါးသည့် မိသားစုမှ ကလေးငယ်များကို အဓိကထား သင်ကြားပေးနေခြင်းဖြစ်သည်ဟု ဆိုသည်။

လေးဝတီမျိုးချစ်လူငယ်ပညာရေးဖောင်ဒေးရှင်းအနေဖြင့် အဆိုပါ ပညာသင်ကြားရေးအစီအစဉ်ကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၊ အာရက္ခပညာရေးဌာနနှင့် ပူးပေါင်းဆောင်ရွက်နေခြင်းဖြစ်သည်ဟု ဆိုသည်။

“ကျွန်တော်တို့ အဓိကသင်ကြားပေးနေတာက စစ်ဒဏ်ကိုခံခဲ့ရတဲ့ ကလေးငယ်တွေ၊ အကြောင်းအမျိုးမျိုးကြောင့် နွမ်းပါးပြီး မိဘကပညာမသင်ပေးနိုင်တဲ့ ကလေးငယ်တွေနဲ့ မိဘတွေ ကိုယ်လက်အင်္ဂါမပြည့်စုံတဲ့ သားသမီးတွေကို အဓိကသင်ကြားပေးပါတယ်။ ဒီအစီအစဉ်ကိုလည်း အာရက္ခပညာရေးဌာနနဲ့ ပူးပေါင်းဆောင်ရွက်နေတာဖြစ်ပါတယ်” ဟု လေးဝတီမျိုးချစ်လူငယ်ပညာရေးဖောင်ဒေးရှင်း အသင်းဝင်တစ်ဦးက ပြောသည်။

အာရက္ခပြည်သူ့အစိုးရ (ULA) လက်အောက်ရှိ အာရက္ခပညာရေးဌာန (Arakan Education Department – AED) သည် ရခိုင်ပြည်နယ်အတွင်းရှိ ကလေးငယ်များနှင့် လူငယ်များ၏ ပညာရေးကဏ္ဍ မရပ်တန့်စေရန်အတွက် အဓိကတာဝန်ယူ ဆောင်ရွက်နေသည့် ဌာနဖြစ်ပါသည်။

လေးဝတီမျိုးချစ်လူငယ်ပညာရေးဖောင်ဒေးရှင်းက ဦးဆောင်ပြုလုပ်နေသည့် အခမဲ့ပညာသင်ကြားရေးအတွက် ပြည်တွင်းပြည်ပ အသင်းအဖွဲ့ ကိုးခုကလည်း လစဉ်အလှူငွေ လေးဆယ့်ငါးသိန်းကို လှူဒါန်းပေးနေကြောင်း သိရသည်။

အဆိုပါ အလှူငွေလက်ခံရေးအစီအစဉ်များကိုလည်း အာရက္ခပြည်သူ့အစိုးရ (ULA/AA) လက်အောက်ရှိ လူသားချင်းစာနာထောက်ထားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး (Humanitarian and Development Coordination Office – HDCO) က တာဝန်ရှိပုဂ္ဂိုလ်များနှင့် ညှိနှိုင်းတိုင်ပင်ပြီး လုပ်ဆောင်နေခြင်းဖြစ်သည်ဟု ဆိုသည်။

လေးဝတီမျိုးချစ်လူငယ်ပညာရေးဖောင်ဒေးရှင်း ဥက္ကဋ္ဌ ကိုခိုင်ထွန်းလင်းက “ကျွန်တော်တို့ ပြည်တွင်းထဲမှာ တကယ့်ခက်ခဲတဲ့နေရာတွေမှာ တစ်ထောင့်တစ်နေရာက ကူညီနိုင်ဖို့အတွက် ကျွန်တော်တို့ ပြည်ပမှာဖွဲ့စည်းထားတဲ့ ပရဟိတအသင်းတွေကို အခုလို HDCO လက်အောက်က ပုံမှန်ထောက်ပံ့ရေးလုပ်ဖို့အတွက်လည်း ကျွန်တော်က ပြောချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုရင် စနစ်တကျလည်းဖြစ်တယ်၊ မျှမျှတတလည်းဖြစ်တယ်၊ သမာသမတ်လည်းကျတယ်” ဟု ပြောသည်။

ကျောင်းများပိတ်ထားရသော်လည်း ပညာရေးမပြတ်တောက်စေရန် ULA/AA ၏ အာရက္ခပညာရေးဌာန (AED) က ဦးဆောင်ပြီး စစ်ဘေးရှောင်စခန်းများနှင့် ဘေးကင်းရာဒေသများတွင် အခြေခံပညာစာမေးပွဲများကို ကျင်းပပေးခြင်း၊ ယာယီစာသင်ဆောင်များ ဖွင့်လှစ်ပေးခြင်းမျိုး လုပ်ဆောင်ပေးလျက်ရှိသည်။

သို့သော် စစ်ပွဲဒဏ်ကို တိုက်ရိုက်ရင်ဆိုင်နေခဲ့ကြရသည့် ကလေးငယ်များသည် စိတ်ဒဏ်ရာများရနေကြပြီး စာသင်ခန်းထဲတွင် စာအုပ်ကိုင်မည့်အစား လေယာဉ်သံ၊ ဗုံးသံ၊ လက်နက်ကြီးသံကို နားစွင့်နေရသည့် အခြေအနေက သူတို့၏ ဖွံ့ဖြိုးမှုကို အကြီးအကျယ် နှောင့်နှေးစေခဲ့သည်။

လက်ရှိတွင် အာရက္ခပညာရေးဌာနနှင့် တသီးပုဂ္ဂလ ပရဟိတကျောင်းများက အစွမ်းကုန် ကြိုးစားနေကြပေမဲ့ သင်ထောက်ကူပစ္စည်း၊ စာအုပ်စာတမ်းနှင့် စေတနာ့ဝန်ထမ်း ဆရာ၊ ဆရာမများ အလွန်အမင်း လိုအပ်နေဆဲဖြစ်သည်ဟု သိရသည်။

လက်ရှိတွင် ဒေသတွင်းကျောင်းများက သင်ကြားပေးနေသော်လည်း နိုင်ငံတကာအဆင့်မီသည့် သင်ရိုးညွှန်းတမ်းများနှင့် အနာဂတ်တွင် တက္ကသိုလ်ဆက်တက်နိုင်ရေး အသိအမှတ်ပြုလက်မှတ် (Certificates) များ လိုအပ်နေကြကြောင်း သိရသည်။

ထိုလိုအပ်ချက်များကို UNICEF နှင့် နိုင်ငံတကာပညာရေးအဖွဲ့အစည်းများက ကူညီမှသာ ရခိုင်လူငယ်များ၏ အနာဂတ်သည် ကမ္ဘာနှင့် ရင်ဘောင်တန်းနိုင်မည်ဖြစ်သည်ဟု စောင့်ကြည့်လေ့လာနေကြသူများက ဆိုကြသည်။