ဟော်မုဇ်ရေလက်ကြားအတွင်း အီရန်နိုင်ငံ၏ တိုက်ခိုက်မှုများနှင့် မိုင်းထောင်ခြင်းလုပ်ငန်းစဉ်များကို ရပ်တန့်ရန် ကုလသမဂ္ဂတွင် တောင်းဆိုထားသည့် အဆိုကို ထောက်ခံကြရန် အမေရိကန် က မေလ ၇ ရက်နေ့တွင် နိုင်ငံတကာသို့ တိုက်တွန်း ခဲ့သည်။
သို့သော် တရုတ်နှင့် ရုရှားနိုင်ငံတို့က ယင်းအဆိုကို ဗီတိုအာဏာ သုံး၍ ပယ်ချရန် အလားအလာရှိကြောင်း သံတမန်များက သုံးသပ်ကြသည်။
တရုတ်နိုင်ငံက ယင်းကဲံ့သို့ ဗီတိုအာဏာသုံးခဲ့ပါက လာမည့်အပတ်တွင် ကျင်းပမည့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ တရုတ်နိုင်ငံခရီးစဉ်အတွက် အခက်အခဲများ ဖြစ်ပေါ်လာစေနိုင်သည်။
အဆိုပါ ခရီးစဉ်တွင် အီရန်စစ်ပွဲအရေးသည် အဓိကဆွေးနွေးမည့် အစီအစဉ်များအနက် တစ်ခုအဖြစ် ပါဝင်နေသည်။
ပြီးခဲ့သည့်လကလည်း အီရန်အပေါ် အမေရိကန်၏ စစ်ရေးအရ အရေးယူဆောင်ရွက်မှုများကို တရားဝင်ဖြစ်စေမည့် အလားအလာရှိသော ဆုံးဖြတ်ချက်အဆိုတစ်ခုကို အဖွဲ့ဝင် ၁၅ နိုင်ငံပါဝင်သည့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် ရုရှားနှင့် တရုတ်နိုင်ငံတို့က ဗီတိုအာဏာသုံး၍ ပယ်ချခဲ့ဖူးသည်။
ယခုအဆိုပြုချက်မူကြမ်းအသစ်ကို ထောက်ခံသည့် ပင်လယ်ကွေ့နိုင်ငံများမှ သံတမန်များနှင့်အတူ ဝါရှင်တန်၏ ကုလသမဂ္ဂဆိုင်ရာ သံအမတ်ကြီး မိုက်ဝေါ့ဇ် က “ဒီအဆိုပြုချက်ကို ပယ်ချဖို့ ကြိုးပမ်းတဲ့ ဘယ်နိုင်ငံမဆို အလွန်တရာ အန္တရာယ်ကြီးမားတဲ့ စံနမူနာဆိုးကို ဖန်တီးနေခြင်းဖြစ်တယ်” ဟု သတင်းထောက်များအား ပြောကြားသည်။
ယခု ဆုံးဖြတ်ချက်မူကြမ်းသစ်ကို အမေရိကန်နှင့် ဘာရိန်းနိုင်ငံတို့က ရေးဆွဲခဲ့ခြင်းဖြစ်ပြီး ဆော်ဒီအာရေဗျ၊ အာရပ်စော်ဘွားများပြည်ထောင်စု (UAE)၊ ကူဝိတ်နှင့် ကာတာနိုင်ငံတို့ကလည်း ပူးပေါင်းထောက်ခံထားကြသည်။
အီရန်နိုင်ငံ၏ ကုလသမဂ္ဂဆိုင်ရာ သံအမတ်ကြီး အာမီယာ ဆာအိဒ် အီရာဗာနီက ယင်းအဆိုသည် “လွန်စွာ ချို့ယွင်းချက်ရှိခြင်း၊ ဘက်လိုက်ခြင်းနှင့် နိုင်ငံရေးအရ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခြင်းသာ ဖြစ်သည်” ဟု တုံ့ပြန်ထားသည်။
