စစ်တပ်၏ နည်းလမ်းမျိုးစုံဖြင့် တိုက်ခိုက်မှုများကြောင့် ဧပြီလအတွင်း အမျိုးသမီး ၄၀ ကျော် အသက်ဆုံးရှုံးခဲ့ကြောင်း သိရသည်။
လေကြောင်းတိုက်ခိုက်ခံရခြင်း ၊ မတရားသတ်ဖြတ်ခံရခြင်း ၊ လက်နက်ကြီး ပစ်ခတ်ခံရခြင်းနှင့် ကျည်ထိမှန်ခြင်းတို့ကြောင့် ၂၀၂၆ ခုနှစ်၊ ဧပြီ တစ်ရက်မှ ၃၀ ရက်အထိ အမျိုးသမီး ၄၄ ဦး သေဆုံးခဲ့ပြီး သေဆုံးသူများထဲတွင် အသက် ၁၈ နှစ်အောက် အမျိုးသမီးငယ် ၈ ဦး ပါဝင်ကာ ကိုယ်ဝန်ဆောင်အမျိုးသမီး တစ်ဦး ပါဝင်ကြောင်း မြန်မာ့အမျိုးသမီးသမဂ္ဂ(BWU)က ယနေ့ (မေလ ၈ ရက်) သတင်းထုတ်ပြန်သည်။
“ဒီလို အကြမ်းဖက် သတ်ဖြတ်မှုတွေ ၊ အကြမ်းဖက်လေကြောင်းတိုက်ခိုက်မှုတွေကပေါ့နော်။ ရည် ရွယ်ချက်ရှိရှိနဲ့ အပြစ်မဲ့ပြည်သူတွေအပေါ် ပစ်မှတ်ထားပြီးတော့မှ အကြမ်းဖက်တိုက်ခိုက် နေတာတွေဟာ မဖြစ်သင့်တဲ့အရာတွေဖြစ်တယ်။ အဲဒီလိုမျိုး အကြမ်းဖက် တိုက်ခိုက်မှုတွေကြောင့် နစ်နာဆုံးရှုံးသူတွေကို ကြည့်လိုက်မယ်ဆိုရင် အမျိုးသမီးနဲ့ ကလေးငယ်တွေဖြစ်တယ်ပေါ့နော်။ အမျိုးသမီးတွေ သေဆုံးရတဲ့ထဲမှာဆိုလို့ရှိရင် လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ၊ မြေပြင်တိုက် ခိုက်မှုတွေကြောင့် သေဆုံးရတာကို ကျမတို့ တွေ့ရှိရတယ်။ ဒီလိုအကြမ်းဖက်မှုတွေ ရပ်တန့်ပြီး တော့မှ ကျမတို့ အမျိုးသမီးတွေအတွက် အေးချမ်းလုံခြုံတဲ့ ဝန်းကျင်တစ်ခုဖြစ်ဖို့အတွက် လိုအပ် တယ်”ဟု မြန်မာ့အမျိုးသမီးသမဂ္ဂ၊ တွဲဖက်အထွေထွေအတွင်းရေးမှူး ၂ မယဉ်မျိုးလှိုင်က MPA သို့ပြောသည်။
ယင်းအမျိုးသမီး ၄၄ ဦးတွင် လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ၃၆ ဦး ၊ မတရားသတ်ဖြတ်ခံရမှု ကြောင့် ၄ ဦး ၊ လက်နက်ကြီး ပစ်ခတ်ခံရမှုကြောင့် ၂ ဦးနှင့် ကျည်ထိမှန်မှုကြောင့် ၂ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ထို့အပြင် လေကြောင်း ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် အမျိုးသမီး ၄၅ ဦး ၊ လက်နက်ကြီးပစ်ခတ်ခံရမှုကြောင့် ၆ ဦး ၊ မြေမြှုပ်မိုင်းကြောင့် ၅ဦးနှင့် ကျည်ထိမှန်မှုကြောင့် တစ်ဦး စုစုပေါင်း အမျိုးသမီး ၅၇ ဦး ဒဏ်ရာရခဲ့ပြီး ဒဏ်ရာရရှိသူများထဲတွင် မသန်စွမ်း အမျိုးသမီးတစ်ဦး ပါဝင်ကြောင်း သိရသည်။
သေဆုံးမှုအများဆုံးမှာ မန္တလေးတိုင်းဖြစ်ပြီး ၁၁ ဦးရှိကာ စစ်ကိုင်းတိုင်း ၈ ဦး ၊ ကရင်ပြည်နယ် ၆ ဦး ၊ ပဲခူးတိုင်း ၄ ဦး ၊ ရခိုင်ပြည်နယ် ၄ ဦး ၊ ကချင်ပြည်နယ် ၃ ဦး ၊ ချင်းပြည်နယ် ၃ ဦး ၊ မကွေးတိုင်း ၂ ဦး ၊ ကရင်နီပြည်နယ် ၂ ဦးနှင့် တနင်္သာရီတိုင်း တစ်ဦး သေဆုံးခဲ့ကြောင်း ထုတ်ပြန်ထားသည်။
မတ်လအတွင်း စစ်တပ်၏ တိုက်ခိုက်မှုကြောင့် အမျိုးသမီး ၈၈ဦး အသက်ဆုံးရှုံးခဲ့ကြောင်း BWU က ထုတ်ပြန်ခဲ့သည်။
