အိန္ဒိယ-မြန်မာ နယ်စပ်အနီးရှိ ချင်းပြည်နယ် ဖလမ်းမြို့နယ်ရှိ Khawpuichhip ကျေးရွာတွင် အာဏာသိမ်းစစ်အုပ်စု၏ ဗုံးကြဲခံရမှုကြောင့် ကလေးများ အပါအဝင် ပြည်သူ ခြောက်ဦး သေဆုံးမှုကို စစ်တပ်လော်ဘီများက PDF များဟူ၍ သတင်းအမှားဖြန့်နေကြသည်။
စစ်တပ်လော်ဘီ “နေပြည်တော်” တယ်လီဂရမ်ချန်နယ်က ၂၀၂၆ မေ ၁ရက်တွင် သတင်းအမှားကို ဖြန့်ဝေထား ခြင်းဖြစ်သည်။
သတင်းအမှားတွင် ဖလမ်းမြိုနယ် Khawpuichhipကျေးရွာ PDFစခန်းကို ဗုံးကြဲတိုက်ခိုက်သုတ်သင်ရာ ၉ဦး သေဆုံး၊၂၀နီးပါး ဒဏ်ရာပြင်းထန်စွာရရှိခဲ့ကြောင်း၊ ပေါင်၅၀၀ ဗုံး နှစ်လုံးဖြင့် ကြဲချတိုက်ခိုက်သုတ်သင်ခဲ့ခြင်း ဖြစ်ပြီး ဗုံးများသည် PDFစခန်းအတွင်းနေရာများသို့ တည့်တည့်ကျရောက်ပေါက်ကွဲခဲ့ကြောင်း ဖြန့်ဝေထားခြင်း ဖြစ်သည်။
သတင်းအမှားလင့်ခ် – https://archive.ph/pH7Is
အဆိုပါ အကြောင်းအရာကို အခြားသော စစ်တပ်လော်ဘီချန်နယ်များစွာက ကူးယူဖြန့်ဝေခဲ့သဖြင့် ပျံ့နှံ့မှု များပြားနေသည်။
သတင်းအမှားလင့်ခ်များ
ရွှေဘ – https://archive.ph/CBJMz
ပျံ့နှံ့နေသော အကြောင်းအရာကို MPA Fact-Check team က အချက်အလက်စစ်ဆေးကြည့်ရာ သတင်းအမှား ဖြစ်ကြောင်း စိစစ်တွေ့ရှိရသည်။
သက်သေပြချက်
Google တွင် “Khawpuichhip ကျေးရွာ ဗုံးကြဲခံရ” ဟု ရေးသားရှာဖွေကြည့်ရာ ချင်းပြည်နယ်ဒေသတွင် မီဒီယာများ အပါအဝင် ယုံကြည်စိတ်ချရသော သတင်းမီဒီယာများက သတင်းရေးသားဖော်ပြထားကြသည်။
သတင်များတွင် ချင်းပြည်၊ ဟွာလ်ငိုးရမ်ဒေသ၊ Khawpuichhip ကျေးရွာ၏ ကလေးများ ဆော့ကစားနေသော ဘောလုံးကွင်းပေါ်သို့ စစ်ကောင်စီတပ်က မေ ၁ ရက်၊ မွန်းလွဲ ၃ နာရီခန့်တွင် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ ကြောင်း၊ ဗုံးဒဏ်ကြောင့် ကလေးငယ်များ အပါ အဝင် ပြည်သူ ခြောက်ဦး သေဆုံးခဲ့ပြီး ၁၀ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း၊ ဗုံးဒဏ်ကြောင့် နေအိမ်များ လည်း ပျက်ဆီး ဆုံးရှုံးခဲ့ရကြောင်း ရေးသားထားသည်။
Khawpuichhip ကျေးရွာသည် ဖလမ်း-ရိခေါဒါရ်လမ်းမကြီးပေါ်၌ တည်ရှိပြီး အိမ်ခြေ ၂၀ မှ ၃၀ ဝန်းကျင်ခန့်သာ ရှိသော ရွာငယ်လေးတစ်ရွာဖြစ်ပြီး စစ်ရေးအရ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ အကြောင်းမဲ့ လေကြောင်း တိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း သတင်းများအရ သိရသည်။
သတင်းလင့်ခ်များ
Chinland News – https://bitly.cx/ZiOMy
Mon News Agency – https://bitly.cx/Y0AE
Shwe Phee Myay – https://bitly.cx/ktyW9
BNI – https://bitly.cx/cOeRF
သုံးသပ်ချက်
သတင်းမီဒီယာများ၏ သတင်းများ အရ Khawpuichhip ကျေးရွာကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ရာ တွင် ကလေးများ အပါအဝင် ပြည်သူ ခြောက်ဦး သေဆုံးခဲ့ပြီး ၁၀ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။
ဗုံးဒဏ်ကြောင့် သေဆုံးခဲ့သော ကလေးများနှင့် ပြည်သူများကို PDF များဟူ၍ စစ်တပ်လော်ဘီများက ဖြန့်ဝေနေ ခြင်းသည် သတင်းအမှားဖြစ်သည်။
ဆိုရှယ်မီဒီယာများတွင် ပျံ့နှံ့နေသောအကြောင်းအရာများကို အလွယ်တကူ မယုံကြည်ဘဲ သတင်းမီဒီယာ လုပ်ငန်းစဉ်အတိုင်း အဆင့်ဆင့် အတည်ပြုဖော်ပြနေသော သတင်းမီဒီယာများ၌ ရှာဖွေဖတ်ရှုသင့်သည်။
