မန္တလေး၌ မီးသင်္ဂြိုဟ်စရိတ်များ နှစ်ဆတက်

ဓာတ်ပုံ- မနောကြာဖြူ ပရဟိတ မန္တလေး

မန္တလေးမြို့ရှိ သုဿာန်များတွင် မီးသင်္ဂြိုဟ်ခများကို ယခင်သတ်မှတ်ထားသည့် နှုန်းထားများထက် နှစ်ဆတိုးမြှင့်ကာ မနက်ဖြန်(မေလ ၉ ရက်) မှစတင်၍ ကောက်ခံသွားမည် ဖြစ်ကြောင်း ကိုစိုး မနော (ကြာဖြူ) မန္တလေးသွေးလှူရှင်နှင့် ပရဟိတအသင်းက ၎င်း၏ လူမှုကွန်ရက်စာမျက်နှာ၌ ရေးသားထားသည်။

ယခင်က မီးသင်္ဂြိုဟ်စရိတ်အဖြစ် လူကြီးတစ်ဦးလျှင် ၁၂,၀၀၀ ကျပ်နှင့် ကလေးတစ်ဦးလျှင် ၆,၀၀၀ ကျပ်သာ သတ်မှတ်ထားသော်လည်း မနက်ဖြန်မှစတင်၍ လူကြီး ၂၄,၀၀၀ ကျပ်နှင့် ကလေး ၁၂,၀၀၀ ကျပ်သို့ တိုးမြှင့်ပေးဆောင်ရမည် ဖြစ်သည်။

အဆိုပါ နှုန်းထားအသစ်ကို မြို့နေပြည်သူများ ကြိုတင်သိရှိစေရန်နှင့် နာရေးကိစ္စများတွင် စရိတ်စက အခက်အခဲမရှိစေရန်အတွက် ပရဟိတအဖွဲ့အစည်းများက တစ်ဆင့် ထပ်ဆင့်အသိပေးခြင်း ဖြစ်သည်။

ဤသို့ မသာစရိတ်များ ရုတ်တရက် မြင့်တက်လာမှုနှင့် ပတ်သက်၍ မန္တလေးမြို့ခံ ပြည်သူတစ်ဦးက “အခုခေတ်မှာ အသက်ရှင်နေထိုင်ရတာတင် ကုန်ဈေးနှုန်းတွေကြောင့် ခက်ခဲနေတာမဟုတ်ဘူး၊ သေရမှာတောင် ကြောက်လာရပြီ။ မသာစရိတ်ကအစ နှစ်ဆတက်သွားတယ်ဆိုတော့ ဆင်းရဲသားတွေအတွက်တော့ တကယ့်ကို ဝန်ထုပ်ဝန်ပိုးပါပဲ” ဟု ဆိုသည်။

အခြားမြို့ခံတစ်ဦးကလည်း “ကုန်ဈေးနှုန်းတွေ တက်နေတာတော့ သိပါတယ်၊ ဒါပေမဲ့ နာရေးကိစ္စလိုမျိုး ဝန်ဆောင်မှုမှာတောင် အခုလို နှစ်ဆအထိ တိုးလိုက်တာကတော့ အခြေခံပြည်သူတွေအတွက် အဆင်မပြေလှဘူး။ အခုဟာက မသေခင်ကတည်းက မသာစရိတ်ကို ကြိုစုထားရမယ့်ကိန်း ဆိုက်နေပြီ” ဟု ဝေဖန်သည်။

ပရဟိတအသင်းသားတစ်ဦးက “ကျွန်တော်တို့ကတော့ အများပြည်သူ နာရေးကိစ္စတွေမှာ ငွေကြေးအဆင်မပြေတာမျိုး မဖြစ်အောင်၊ ခါတိုင်းဈေးပဲ မှတ်နေမှာစိုးလို့ အသိပေးရတာပါ။ တကယ်တမ်း မြေပြင်မှာကတော့ ကုန်ဈေးနှုန်းရော၊ စက်သုံးဆီဈေးတွေရော တက်နေတာကြောင့် သုဿာန်ဘက်ကလည်း အခုလို တိုးမြှင့်လိုက်တာ ထင်ပါတယ်” ဟု သုံးသပ်သည်။

သို့သော်လည်း တစ်ဖက်တွင် စစ်ကော်မရှင် အုပ်ချုပ်သည့် ကာလအတွင်း အခြေခံစားသောက်ကုန်ဈေးနှုန်းများ အဆမတန် မြင့်တက်နေချိန်တွင် ယခုကဲ့သို့ မဖြစ်မနေ ပေးဆောင်ရမည့် နာရေးစရိတ်များပါ တိုးမြှင့်လာခြင်းမှာ ပြည်သူလူထုအပေါ် ဖိစီးမှု ပိုမိုများပြားစေသည်ဟု နိုင်ငံရေးနှင့် လူမှုရေးလေ့လာသူများက ရှုမြင်ကြသည်။

မန္တလေးမြို့နေ ပြည်သူများအနေဖြင့် မနက်ဖြန်မှစတင်ကာ နာရေးကိစ္စများအတွက် အဆိုပါ သတ်မှတ်ချက်အသစ်အတိုင်း ပြင်ဆင်ဆောင်ရွက်ရမည်ဖြစ်သည်။

တိုင်းပြည်အတွင်း စီးပွားရေးကျဆင်းမှုနှင့် ငွေကြေးဖောင်းပွမှု ဒဏ်ကို လူထုက ခါးစီးခံနေရချိန်တွင် သေဆုံးမှုအတွက် ပေးဆောင်ရသည့် စရိတ်စကများပင် မြင့်တက်လာခြင်းမှာ ခေတ်ပျက်၏ လက္ခဏာတစ်ရပ်ပင် ဖြစ်ကြောင်း ပြည်သူများက ဝေဖန်လျက်ရှိသည်။

ယမန်နှစ်က မန္တလေးတွင် ငလျင်ကြီးလှုပ်ခတ်ပြီးနောက်တွင်လည်း မီးသင်္ဂြိုဟ်စရိတ်များ မြင့်တက်ခဲ့ဖူးပြီး ယခုထပ်မံ မြင့်တက်လာခြင်းလည်းဖြစ်သည်။