စစ်ပွဲ အဆုံးသတ်ရန် တင်ပြခဲ့သည့် အမေရိကန်က အဆိုပြုချက်များကို အီရန်က လက်မခံခဲ့သည့်အပေါ် သမ္မတ ဒေါ်နယ်ထရန့်က မေလ ၁၀ ရက်တွင် ပြစ်တင်ပြောကြားသည်။
“အီရန်ရဲ့ ကိုယ်စားလှယ်ဆိုသူတွေဆီက တုံ့ပြန်မှုကို ကျွန်တော် ခုလေးတင် ဖတ်ပြီးပါပြီ။ ကျွန်တော် သဘောမကျဘူး – ဒါက လုံးဝကို လက်ခံနိုင်စရာမရှိဘူး (TOTALLY UNACCEPTABLE)!” ဟု ထရန့်က ၎င်း၏ Truth Social လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားခဲ့သည်။
အီရန်အစိုးရပိုင်မီဒီယာများက အမေရိကန်၏ နောက်ဆုံးအဆိုပြုချက်အပေါ် ၎င်းတို့၏တုံ့ပြန်မှုကို ပါကစ္စတန်ကြားဝင်စေ့စပ်သူများမှတစ်ဆင့် ပေးပို့ခဲ့ကြောင်း သတင်းထုတ်ပြန်ပြီး နာရီပိုင်းအကြာတွင် ထရန့်၏ပို့စ် ထွက်ပေါ်လာခြင်းဖြစ်သည်။
“စစ်ပွဲအဆုံးသတ်ရေး အမေရိကန်ရဲ့ နောက်ဆုံးအဆိုပြုချက်အပေါ် အီရန်အစ္စလာမ်မစ်သမ္မတနိုင်ငံရဲ့ တုံ့ပြန်မှုကို ပါကစ္စတန်ကြားဝင်စေ့စပ်သူထံ ယနေ့ ပေးပို့လိုက်ပြီဖြစ်ပါတယ်” ဟု IRNA သတင်းဌာနက ဖော်ပြသည်။
အစိုးရပိုင်ရုပ်သံလိုင်း IRIB ကမူ ၎င်းတို့၏တုံ့ပြန်မှုတွင် အမေရိကန်နှင့် အစ္စရေးတို့က ဖန်တီးခဲ့သည့် စစ်ပွဲကို လက်ဘနွန်အပါအဝင် မျက်နှာစာအားလုံး၌ အဆုံးသတ်ရန်နှင့် ရေကြောင်းသယ်ယူပို့ဆောင်ရေး လုံခြုံမှုရှိစေရန်တို့ကို အဓိကထားဖော်ပြထားကြောင်း ဆိုသည်။
အစ္စရေးနှင့် လက်ဘနွန်ကြား ဧပြီလ ၁၇ ရက်နေ့ကတည်းက အပစ်အခတ်ရပ်စဲရေး သဘောတူညီထားပြီး မေလလယ်အထိ သက်တမ်းတိုးထားသော်လည်း၊ အစ္စရေးစစ်တပ်သည် လက်ဘနွန်အတွင်းသို့ နေ့စဉ်တိုက်ခိုက်မှုများ ပြုလုပ်နေဆဲဖြစ်ကာ ဟဇ်ဘိုလာအဖွဲ့နှင့်လည်း အပြန်အလှန်ပစ်ခတ်မှုများ ရှိနေသည်။
အရှေ့အလယ်ပိုင်းဒေသတွင် စစ်ပွဲများရပ်တန့်ရန် အမေရိကန်၏ အဆိုပြုချက်အပေါ် ၎င်းတို့၏ တုံ့ပြန်ချက်ကို ပါကစ္စတန်မှတစ်ဆင့် ပေးပို့လိုက်ကြောင်း အီရန်နိုင်ငံပိုင်မီဒီယာက မေလ ၁၀ ရက် နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။
“အစ္စလာမ်မစ် အီရန်သမ္မတနိုင်ငံဟာ စစ်ပွဲအဆုံးသတ်ဖို့ အမေရိကန်က နောက်ဆုံးအဆိုပြုထားတဲ့ စာသားအပေါ် တုံ့ပြန်ချက်ကို ပါကစ္စတန်ကြားဝင်စေ့စပ်ပေးသူတွေကတစ်ဆင့် ဒီနေ့မှာ ပေးပို့လိုက်ပါတယ်” ဟု အီရန်နိုင်ငံပိုင် သတင်းအေဂျင်စီ IRNA က ဖော်ပြခဲ့သော်လည်း အသေးစိတ်အချက်အလက်များမပါဝင်ခဲ့ပေ။
အီရန် စစ်ဘက်ဆိုင်ရာအကြီးအကဲ အလီအဘက်ဒိုလာဒီသည် နိုင်ငံ၏ထိပ်ဆုံးခေါင်းဆောင် မော့ဂျတာဘာခါမေနီ နှင့် တွေ့ဆုံခဲ့ပြီး “ရန်သူကို ရင်ဆိုင်တိုက်ခိုက်ရေး စစ်ဆင်ရေးများ ဆက်လက်လုပ်ဆောင်ရန် လမ်းညွှန်ချက်အသစ်များနှင့် အမိန့်များကို ရရှိခဲ့သည်” ဟု အီရန်နိုင်ငံပိုင်ရုပ်သံက ဖော်ပြခဲ့သည်။
အာရပ်စော်ဘွားများပြည်ထောင်စု (UAE) က ၎င်းတို့၏ နယ်နိမိတ်အတွင်း တိုက်ခိုက်ခံရမှု၏ နောက်ကွယ်တွင် အီရန်ရှိနေသည်ဟု စွပ်စွဲခဲ့ထားသည်။
လွန်ခဲ့သည့်အပတ်က ဟော်မုဇ်ရေလက်ကြားအတွင်း ကုန်တင်သင်္ဘောတစ်စီးကို အမည်မသိ လေယာဉ်တစ်စင်းက တိုက်ခိုက်ခဲ့ကြောင်း တောင်ကိုရီးယားက ထုတ်ပြန်ခဲ့သည်။
အဆိုပါ တိုက်ခိုက်မှုသည် မည်သူ့လက်ချက်ဖြစ်ကြောင်း ချက်ချင်းထုတ်ဖော်ပြောဆိုခြင်း မရှိသေးသော်လည်း အီရန်နိုင်ငံ၏ Fars သတင်းဌာနက “ကာတာကမ်းရိုးတန်းအနီး တိုက်ခိုက်ခံရသည့် သင်္ဘောသည် အမေရိကန်အလံလွှင့်ထူထားပြီး အမေရိကန်ပိုင်ဆိုင်သည့် သင်္ဘောဖြစ်သည်” ဟု ဖော်ပြခဲ့သည်။
အီရန်လွှတ်တော် အမျိုးသားလုံခြုံရေးကော်မရှင်၏ ပြောရေးဆိုခွင့်ရှိသူကလည်း “ဒီနေ့တော့ သည်းခံနိုင်စွမ်း ကုန်သွားပြီ” ဟု လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် အမေရိကန်ကို သတိပေးခဲ့သည်။
