ဇာတိမြေသို့ အလည်မပြန်ရန် တောင်ကိုရီးယားရောက် မြန်မာချင်းကြား သတိပေးနေကြဟုဆို

ဓာတ်ပုံ- Yangon International Airport
ပုံစာ - ရန်ကုန်လေဆိပ် မြင်ကွင်း။(ပုံဟောင်း)

ဇာတိမြေသို့ အလည်မပြန်ရန် တောင်ကိုရီးယားရောက် မြန်မာချင်းကြား သတိပေးနေကြကြောင်း သိရသည်။

ပြည်ပနိုင်ငံများမှ ခွင့်ဖြင့် မြန်မာနိုင်ငံသို့ ပြန်လာသည့် လုပ်သားများကို အစိုးရတုလက်အောက်ခံ အလုပ်သမားဝန်ကြီးဌာနက အကြောင်းအမျိုးမျိုးပြကာ ပြည်ပသို့ပြန်ရန် ခွင့်မပြုမှုများလာသဖြင့် အထက်ပါအတိုင်း သတိပေးနေကြခြင်းဖြစ်ကြောင်း တောင်ကိုရီးယားအခြေစိုက် မြန်မာ့ဖက်ဒရယ် ဒီမိုကရေစီအောင်နိုင်ရေးအဖွဲ့ပေါင်းချုပ် MFDMC အတွင်းရေးမှူး ဦးကျော်ဆန်းက ပြောသည်။

“ကိုရီးယားကနေလည်း အလည်ပြန်ပြီး ပြန်လာလို့မရဘဲ ပိတ်မိနေလို့ မပြန်ကြဖို့တော့ တောင်ကိုရီး ယားက မြန်မာဂရုဖ်တွေမှာ အချင်းချင်း သတိပေးနေကြပါတယ်”ဟု ၎င်းက MPAသို့ပြောသည်။
တောင်ကိုရီးယားမှ မြန်မာသို့ အလည်ပြန်သည့် မြန်မာလုပ်သား မများကြောင်းနှင့် အလည်ပြန်ရင်း ပိတ်မိနေသည့် မြန်မာလုပ်သားအရေအတွက်ကိုမူ သိရှိရန် မလွယ်ကြောင်း ၎င်းက ဆိုသည်။

“အရေအတွက်တော့ သိဖို့ခက်ခဲမယ်ဗျ။ အခုက အချင်းချင်းတွေကြားမှာတောင် ဥပမာ၊ ထိုင်းသွား တာ၊ မြန်မာမဟုတ်ဘဲ တခြားပြည်ပနိုင်ငံ အလည်သွားကြတာတောင် လူအရင်းအချာကလွဲရင် အသိမပေးရဲကြတာတွေရှိတယ်။ တစ်ခုခုဆို ပိတ်မိနေမှာကို စိုးရိမ်နေရတယ်”ဟု ၎င်းက ဆက်လက် ပြောသည်။

အခြားနိုင်ငံတစ်ခုခုသို့ ရောက်ရှိနေစဉ် စစ်အုပ်စုက နိုင်ငံကူးလက်မှတ်ဖျက်သိမ်းလျှင် ကိုရီးယားသို့ ပြန်ဝင်၍မရမည်ကို စိုးရိမ်ကြရပြီး နိုင်ငံကူးလက်မှတ် ဖျက်သိမ်းခံရမှုလည်း ရှိခဲ့ဖူးကြောင်း သိ ရသည်။

ဧပြီလအတွင်း မြန်မာသို့ အလည်ပြန်လာပြီး အစိုးရတုက အကြောင်းအမျိုးမျိုးပြကာ ပြည်ပပြန်ထွက် ခွင့် ပယ်ချခြင်းခံရသည့် မြန်မာလုပ်သား ၆၀၈ ဦးရှိကြောင်း RFA သတင်းက ဖော်ပြထားသည်။