ရန်ကုန်တိုင်းအတွင်းရှိ မရှိဆင်းရဲသားကလေးများကို စစ်တပ်က ဖွင့်လှစ်ထားသည့် လူငယ်သင် တန်းကျောင်းသို့ ပို့ဆောင်ရန် စီစဉ်နေကြောင်း သိရသည်။
ရန်ကုန်တိုင်း၊လှည်းကူးမြို့နယ်တွင် ဖွင့်လှစ်ထားသည့် လူငယ်သင်တန်းကျောင်း၌ တက်ရောက်မည့် သူမရှိသဖြင့် အခြေခံလူတန်းစားတို့၏ ကလေးများအား ပို့ဆောင်ရန် စစ်တပ်က အုပ်ချုပ်ရေးပိုင်း အား ဖိအားပေးနေကြောင်း ရန်ကုန်မြို့ရဲသတင်းရင်းမြစ်ထံက သိရသည်။
“အဓိကက အဆင်မပြေတဲ့မိသားစုတွေရဲ့ ကလေးတွေကို အဲဒီသင်တန်းကျောင်းပို့မလို့။ဖရီးတက် ရမယ်၊နေ့စားငြိမ်း တစ်လ၅သောင်းလောက်လည်း ပေးမယ်။ အခြေခံပညာအထက်တန်းအဆင့်။ ကျောင်းတက်ပြီးတော့ စစ်သားတန်းဖြစ်မယ့်ကျောင်း။သူတို့စစ်သားမိသားစုတွေတောင် မတက် ဘူး။ရဲသားသမီးလည်း မတက်ဘူး”ဟု ၎င်းက MPAသို့ပြောသည်။
၂၀၂၆-၂၀၂၇ပညာသင်နှစ်မှ စတင်ကာ တပ်မတော်လူငယ်ပညာရေးသင်တန်းကျောင်းများကို ရန်ကုန်နှင့် နေပြည်တော်တွင် စတင်ဖွင့်လှစ်ကာ အခြေခံပညာအထက်တန်းအဆင့်ပညာရပ်များ သင်ကြားပေးမည်ဟု မေ၈ရက်၌ တပ်ချုပ် ရဲဝင်းဦးက ပြောကြားခဲ့သည်။
“ကျနော်တို့အတွေ့အကြုံအရပြောရရင် အဲဒီကျောင်းက စာတော်တဲ့ကလေးအနည်းစုကို စစ်တပ်က ဖွင့်ထားတဲ့တက္ကသိုလ်ပို့မယ်။အများစုကိုတော့ စစ်တပ်ထဲ ထည့်မယ်။ကျောင်းတက်ရင်းနဲ့ စစ်တပ်ကို သစ္စာခံဖို့ ရေရှည်အတွက် မွေးတဲ့သဘောပဲ”ဟု ၎င်းက ဆက်လက်ပြောသည်။
ယင်းသင်တန်းကျောင်းတက်မည့်ကလေးများကို စာရင်းကောက်ရန် ရပ်ကျေးအုပ်ချုပ်ရေးများသို့ ညွှန်ကြားထားပြီး တက်မည့်သူမရှိပါက အဓမ္မပေါ်တာဆွဲ ပို့ဆောင်မည့်သဘောရှိကြောင်း သိရသည်။
