မည်သည့်တာဝန်ခံမှုမျှ မရှိဘဲ တရားဝင်မှုရရန် ကြိုးပမ်းနေသည့် စစ်အုပ်စုလုပ်ရပ်ကို အာဆီယံနှင့် နိုင်ငံတကာ အသိအမှတ်မပြုရန် တိုက်တွန်း

ဓာတ်ပုံ - လူမှုကွန်ရက်

အာဆီယံ၊ ကုလသမဂ္ဂနှင့် နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် မည်သည့်တာဝန်ယူမှု၊ တာဝန်ခံမှုမျှမရှိဘဲ နိုင်ငံရေးအရ တရားဝင်မှု ရရှိရန် ကြိုးပမ်းနေသော စစ်အုပ်စု၏ လုပ်ရပ်များကို အသိအမှတ်မပြုရန် NUGအစိုးရက တိုက်တွန်းလိုက်သည်။

မြန်မာနိုင်ငံရှိ နိုင်ငံရေးပြဿနာကို လုပ်ကြံဖန်တီးထားသော အကြောင်းအရာများ သို့မဟုတ် အတင်းအကျပ် ကျင်းပသော အတုအယောင် ရွေးကောက်ပွဲများမှတစ်ဆင့် ဖြေရှင်းနိုင်မည် မဟုတ်ဘဲ၊ တရားမျှတမှု၊ ဒီမိုကရေစီနှင့်ပြည်သူတို့၏ အချုပ်အခြာအာဏာအပေါ် အခြေခံသည့် အားလုံးပါဝင်နိုင်သော နိုင်ငံရေးအကူးအပြောင်းမှတစ်ဆင့်သာ အခြေခံကျကျ ဖြေရှင်းနိုင်မည် ဖြစ်ကြောင်းလည်း ဆိုသည်။

ရွေးကောက်ပွဲရလဒ်များကို လျစ်လျူရှုထားသည် ဟုစွပ်စွဲကာ ၎င်းတို့အား ဒေသတွင်း ထိတွေ့ဆက်ဆံမှုများမှ ဖယ်ကြဉ်ထားခြင်းအပေါ် အာဆီယံနှင့် နိုင်ငံတကာအသိုင်းအဝိုင်းအား ဝေဖန်ထားသည့် စစ်အုပ်စု၏ မကြာသေးမီက ထုတ်ပြန်ခဲ့သည့် ထုတ်ပြန်ချက်ကို NUGအစိုးရ အနေဖြင့် ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချကြောင်းနှင့် ယင်းသို့သော ပြောကြားချက်သည် များစွာ ရှေ့နောက်မညီဘဲ နိုင်ငံရေးအရ ရိုးသားမှုမရှိသည့် လုပ်ရပ်ဖြစ်ကြောင်းလည်း ထုတ်ပြန်သည်။

“မင်းအောင်လှိုင်က သူ့ရဲ့အကျွမ်းကျင်ဆုံးဖြစ်တဲ့ အကြမ်းဖက်ရန်ရှာတဲ့နည်းကိုပဲ ဆက်သုံးနေတာပါ။ အာဆီယံမူ၅ရပ်ကိုတော့ မလုပ်နိုင်ဘူး။အာဆီယံထိပ်သီးအစည်းအဝေးပွဲကိုတော့ တက်ရောက်ခွင့် ပေးဆိုပြီး ငေါက်ငမ်းတောင်းဆိုနေတာ”ဟု ရန်ကုန်အခြေစိုက် နိုင်ငံရေးဆောင်းပါးရှင်တစ်ဦးက MPAသို့ပြော သည်။

ရွေးကောက်ပွဲရလဒ်များကို လေးစားရန် ယခု တောင်းဆိုနေသော စစ်ခေါင်းဆောင်များသည် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲမှ သောင်ပြိုကမ်းပြို အနိုင်ရရှိခဲ့သော ရွေးကောက်ပွဲရလဒ်များကို တရားမဝင် စစ်အာဏာသိမ်းရန် ကြိုးပမ်းမှုဖြင့် ပယ်ဖျက်ခဲ့သော အဖွဲ့အစည်း ဖြစ်ကြောင်း ရွေးကောက်ခံခေါင်းဆောင်များကို ဆက်လက်ဖမ်းဆီး ချုပ်နှောင်ထားခြင်း၊ နိုင်ငံရေးပါတီများကို ဖိနှိပ်ခြင်း၊ သတင်းမီဒီယာများကို နှုတ်ပိတ်ခြင်းနှင့် နိုင်ငံတစ်ဝန်းရှိ အရပ်သားပြည်သူများအပေါ် ရည်ရွယ်ချက်ရှိရှိ အကြမ်းဖက်တိုက်ခိုက်မှုများ ကျူးလွန်နေသမျှ ကာလပတ်လုံး စစ်အုပ်စုအနေဖြင့် ဒီမိုကရေစီကို ကာကွယ်စောင့်ရှောက်နေပါသည်ဟု ပြောဆိုချက်များမှာ လုံးဝယုံကြည်လက်ခံနိုင် ဖွယ် မရှိကြောင်း NUGအစိုးရက ထုတ်ပြန်သည်။

စစ်အုပ်စုအပေါ် ထားရှိသည့် အာဆီယံ၏ လက်ရှိရပ်တည်ချက်သည် အကြောင်းမဲ့ သက်သက် ပေါ်ပေါက်လာခြင်း မဟုတ်ဘဲ စစ်အုပ်စုအနေဖြင့် အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်ရန် လုံးဝ ပျက်ကွက်နေခြင်း၊ အားလုံးပါဝင်နိုင်သော နိုင်ငံရေးဆွေးနွေးပွဲများ ဖော်ဆောင်ရန် ငြင်းဆန်နေခြင်းနှင့် မြန်မာပြည်သူများအပေါ် အကြမ်းဖက်တိုက်ခိုက်မှုများ ဆက်လက်ပြုလုပ်နေခြင်းတို့ကြောင့် ဖြစ်ပေါ်လာသည့် တိုက်ရိုက်အကျိုးဆက်ဖြစ်ကြောင်း

အာဆီယံနှင့် နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် အနာဂတ် ဖက်ဒရယ် ဒီမိုကရေစီအသွင်ကူး ပြောင်းရေးအတွက် မြန်မာပြည်သူလူထု၏ မျှော်မှန်းချက်များကို ဆက်လက်၍ အခိုင်အမာ ထောက်ခံပေးကြပါရန် တိုက်တွန်းကြောင်း NUGအစိုးရက ထုတ်ပြန်ထားသည်။

ဖိလစ်ပိုင်နိုင်ငံတွင် မကြာသေးမီက ကျင်းပပြီးစီးခဲ့သည့် အာဆီယံထိပ်သီးအစည်းအဝေးသို့ အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင် တက်ရောက်ခွင့်မရခဲ့ပြီးနောက် အာဆီယံနိုင်ငံအချို့က အာဆီယံပဋိညာဉ်ကိုဖောက်ဖျက်ကာ မြန်မာ့ပြည်တွင်းရေးကို ဝင်ရောက် စွက်ဖက်နေကြောင်း စစ်အုပ်စု အစိုးရတုက မေ၁၀ရက်၌ ထုတ်ပြန်ခဲ့သည်။