အကြမ်းဖက်ထိပ်သီးခေါင်းဆောင်တွေ အကုန်လုံး သမ္မတရုံးသို့ စုရုံးရောက်ရှိလာကာ ပတ္တ မြားတုံးကို တသသ ကြည့်ရှုဩဘာပေးနေတဲ့သတင်းက အစိုးရတုရဲ့ အရေးကြီးလုပ်ငန်းတစ်ရပ် အ ဖြစ်နဲ့ စစ်အုပ်စုမီဒီယာ တွေရဲ့ မျက်နှာဖုံး သတင်းဖြစ်လာခဲတယ်။
ပတ္တမြားတစ်တုံးကို ဝိုင်းကြည့်နေကြပုံက နိုင်ငံတကာအလယ်မှာ ဘယ်လောက်တောင် ဟာ သ မြောက်လောက်လေမလဲ။ပတ္တမြားတစ်တုံးကို အစိုးရလို့ဆိုသူတွေက နိုင်ငံတော်အဆင့် အရေး ကြီးလုပ်ငန်း တစ်ခုပမာ ဝိုင်းအားပေးနေကြတာ ဒီနေ့ခေတ်ကမ္ဘာမှာ အင်မတန့် အင်မတန်ကြားရခဲ တဲ့ ဖြစ်စဉ်မဟုတ်လား။ ဪ…သူတို့ကိုယ်သူတို့ အစိုးရလို့ ပြောနေကြသူတွေရဲ့ ဉာဏ်ရည်ဉာဏ် သွေးက ဒီလောက်ပဲလားလို့ စုတ် သတ်ကြမှာလည်း သေချာတယ်။
ဒါပေမဲ့၊ဘယ်ကမ္ဘာကိုမှ ဂရုမစိုက်ဘူးဆိုတဲ့ မင်းအောင်လှိုင်နဲ့ အပေါင်းအပါတစ်စုကတော့ အေးဆေး ပဲ။ သူတို့အစိုးရတု တက်ပြီးစ မြန်မာနှစ်သစ်ကူးအလွန်မှာ ထူးခြားလှပ အရွယ်အစား ကြီး မားတဲ့ ပတ္တမြားတစ် ပွင့် မိုးကုတ်ရတနာမြေကနေ ရှာဖွေတွေ့ရှိခဲ့တယ်ဆိုတာ သမ္မတတု မင်းအောင် လှိုင် မင်းကောင်းမင်းမြတ်ဖြစ် ကြောင်း ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်တွေက ကောင်းချီးပေး ဖော်ပြလိုက် တာလို့ ရိုးရိုးသားသား ကျပ်မပြည့်ခြင်းများ စွာနဲ့ အခိုင်အမာ ယုံကြည်ကြတယ်။
အဲဒီလို အရူးအမဲသားစားရသလို စုံလုံးကန်းယုံကြည်တတ်တာမျိုးက မြန်မာစစ်အာဏာရှင် တွေရဲ့ မွေးရာပါသွေးသားထဲမှာ အပြည့်အဝ ပါခဲ့ပြီးသား။ ပြီးတော့ မင်းအောင်လှိုင်ရဲ့ ငယ်ကျွန်ကြီး များတစ်သိုက်က သူတို့အဘကြီး ကြိုက်တတ်တဲ့ အရသာကို ကောင်းကောင်းသိရှိတယ်။ ဒီလိုအချိန် မှာ ဒီလိုပတ္တမြား ပေါ်လာ တာ အ ဘကြီးရဲ့ ဘုန်းတန်ခိုးကြီးမားမှုကြောင့်ပဲလို့ သာသာထိုးထိုးလေး မြှောက်ပင့်ကြမှာဆိုတော့ မင်းအောင်လှိုင် ဆင်ခြင်ဉာဏ်မဲ့ ကန်းသွားတာ ဘယ်ဆန်းမလဲ။
အဲဒီလို မြှောက်လုံးပင့်လုံးမျိုးကို ကြိုက်တာက မင်းအောင်လှိုင်မှမဟုတ်၊ဒုတိယစစ်အာဏာ ရှင် သန်း ရွှေလည်း ကြိုက်၊ ပထမစစ်အာဏာရှင် နေဝင်းကလည်း ကြိုက်မှကြိုက်။ပြီးတော့ အဲဒီလို မြှောက်လုံးပင့်လုံးမျိုးကို မင်းအောင်လှိုင် တပည့်သာဝကဘဝတုန်းက သူ့ဆရာတစ်ယောက်ယောက် အကြိုက် ပြောခဲ့ဖူးတာ သေချာသလို သန်းရွှေသည်လည်း ထို့အတူ။
ပြောရင် သာသာထိုးထိုး အမြှောက်အပင့်စကားတွေကို ကိုယ်တိုင် နုစဉ်ကာလက လှိုင်လှိုင် ကြီး သုံးခဲ့ ဖူးပေမဲ့ ကိုယ်မြှောက်ပင့်ခံရတဲ့အလှည့်ရောက်တော့ မြှောက်မှန်းပင့်မှန်းသိလျက်နဲ့ ကျေ နပ်ခြင်းကြီးစွာ နဲ့ အရသာခံလို့။မြန်မာစစ်အာဏာရှင်တွေက သူတို့ ကိုယ်သူတို့ ဤဇမ္ဗူမှာတောင် ပြိုင်ဘက်မရှိ ငါသည်သာ နံပါတ်တစ်ဆိုတဲ့ စိတ္တဇ ရှိကြရုံတင်မက ရှေးဘဝတစ်ဆက်ဆက်က ဘု ရင်တစ်ပါးပါးလည်း ဖြစ်ခဲ့သူတွေလို့ အထင်ရောက်ကြသူတွေမို့ သနားစရာ အမြှောက်အပင့်ခံ သ တ္တဝါတွေ ဖြစ်ကုန်တာ ဘယ်ဆန်းပါ့မလဲ။
ပြီးတော့ ပြိုင်ဘက်မရှိ ငါသည်သာနံပါတ်တစ်ဆိုတဲ့ ဘဝင်ရူးစိတ်က ထိန်းမနိုင်သိမ်းမရ ဖြစ်နေလေ တော့ ငါအထွတ်အထိပ်ရောက်ချိန်မှာ ရတဲ့ ဆင်ဖြူက အရင့်အရင်ကာလ ရခဲ့ဖူးတဲ့ ဆင်ဖြူတွေထက် ပိုဖြူပြီး ကြန်အင်လက္ခဏတွေကလည်း ပိုပြည့်စုံတယ်လို့ အများပြည်သူကို မရှက်မကြောက် ကြွားလုံးထုတ်ဖြန့်ချိတဲ့ ဘဝတွေ ရောက်ကုန်ရော။
အခုလည်း မင်းစော်ထက် ငါ့စော်က ပိုမိုက်တယ်ဆိုတဲ့ စိုင်းစိုင်းခမ်းလှိုင်သီချင်းထဲကလို ငါ့ပတ္တမြား က ပိုမိုက်တယ်ဆိုပြီး သတင်းထုတ်ပြန်ခဲ့တယ်။
ရှားပါးပြီး တန်ဖိုးရှိတဲ့ ပတ္တမြားကို မိုးကုတ်ဒေသကနေ ၁၉၉၀ပြည့်နှစ်ကလည်း ရဖူး၊ ၁၉၉၆ ခုနှစ်က လည်း ရဖူး၊ ၂၀၂၂နဲ့ အခု ၂၀၂၆ခုနှစ်မှာလည်း ထပ်ရဖူး။ ၁၉၉၆ခုနှစ်က ရခဲ့တဲ့ ပတ္တမြားက အလေးချိန် အများ ဆုံးဆိုပေမဲ့ အခု နောက်ဆုံးရခဲ့တဲ့ပတ္တမြားက အရောင်နဲ့ အရည်အသွေး ပို ကောင်းပြီး တန်ဖိုးလည်း ပိုမြင့် ကြောင်းပါတဲ့။သန်းရွှေလောက်တော့ သနားတယ်လို့ မင်းအောင်လှိုင် က ပတ္တမြားခဲပြကာ ခပ်ကြွားကြွား ဆိုလိုက်တယ်။
စစ်ဗိုလ်ချုပ်တွေက သူတို့အာဏာသိမ်းထားတဲ့အချိန်မှာ ရတဲ့ ပတ္တမြားတွေ၊ကျောက်စိမ်း တွေကို အ လွန်တန်ဖိုးရှိတဲ့တွင်းထွက်ရတနာတွေအဖြစ်သာ ကြွားလုံးထုတ်ခဲ့တာ။အဲဒီတွင်းထွက် တွေက ဘယ်ရွေ့ဘယ် မျှတန်ဖိုးရှိသလဲဆိုတာ တစ်ခါမှ မထုတ်ပြန်။ပြီးတော့ အဲဒီတန်ဖိုးရှိလှ ပါ တယ်ဆိုတဲ့ တွင်းထွက်တွေကို ဘယ် လိုအသုံးချလိုက်သလဲဆိုတာလည်း မပြော။မနေနိုင်လို့ ကြွား လုံးထုတ်ပြီးရင် ပြီးတော့လည်း ပြီးသွားတာပဲဆို တာမျိုး။
တကယ်ဆို သန်းရွှေဆိုတာ မင်းအောင်လှိုင်ရဲ့ ကျေးဇူးရှင်။သန်းရွှေဟာ စစ်တပ်တွင်း မင်း အောင်လှိုင် ရှေ့က စီနီယာတွေကိုကျော်ပြီး မင်းအောင်လှိုင်ကို တပ်ချုပ်ရာထူးပေးလိုက်လို့သာ တပ် ချုပ်ဖြစ်လာတဲ့သူ။တခြား သူ့ခေတ်ပြိုင် စီနီယာတွေထက် တစ်စုံတစ်ရာ ထူးချွန်ထက်မြက်လွန်းလို့ ထိုက်ထိုက်တန်တန် တပ်ချုပ်ဖြစ်လာတာမဟုတ်မှန်း အများသိ။ မင်းအောင်လှိုင်ဆိုတာ သန်းရွှေက အိမ်ခေါ်ပြီး ဖိနပ်တိုက်ခိုင်းရင်တောင် အဘကြီး ငါ့ကို မြှောက်စားတယ်ဆိုပြီး ဂုဏ်ယူနေရမယ့်အ ဆင့်ထဲက။
ပြောရရင် သန်းရွှေက မင်းအောင်လှိုင် အိပ်မက်ထဲထည့်မက်ဖို့တောင် မလွယ်တဲ့ တပ်ချုပ် ရာထူးကို ပေးခဲ့တယ်။မတန်မရာရာထူးကို ပေးခဲ့တာကြောင့် ကျေးဇူးရှင်ကြီးအဖြစ်နဲ့ သူ့ရာသက်ပန် တင်မက သားစဉ်မြေးဆက် စောင့်ရှောက်မလားဆိုတဲ့ တွက်ကိန်းနဲ့ ပေးအပ်ခဲ့ခြင်းလည်း ဖြစ်တယ်။ ပြောရရင် ပထမအာဏာရှင် နေဝင်း သေခါနီးအချိန်ကျမှ အကျယ်ချုပ်ဘဝရောက်ခဲ့သလိုမျိုး မဖြစ် စေရေး။
အခုတော့ တစ်ချိန်က အင်မတန်ဓားထက်ခဲ့တဲ့ နေပြည်တော်၆လုံးတန်းဆိုတာ အဝင်အ ထွက် အကန့် အသတ်တွေနဲ့ သန်းရွှေသည် အကျယ်ချုပ်နဲ့မခြား မင်းအောင်လှိုင်က ကျေးဇူးဆပ်ပြ နေရုံတင်မက သန်းရွှေ ထက် ဘုန်းတန်ခိုးကြီးလို့ သန်းရွှေရခဲ့တဲ့ ပတ္တမြားထက် ငါ့ပတ္တမြားက ပိုတန်ဖိုးကြီးတယ်လို့ပါ ခိုင်းနှိုင်းပြလိုက် ပြန်တယ်။ထား။
မင်းအောင်လှိုင်ကပတ္တမြားကြီး ထုတ်ပြပြီး နောက်ရက်မှာပဲ နောက်ထပ်စတိုရီတစ်ပုဒ်ကို စစ်အုပ်စုက ရည်ရွယ်ချက်ကြီးစွာနဲ့ ဖြန့်ချိပြန်တယ်။ ရန်ကုန်မြို့၊မဟာဝိဇယဘုရားဝင်းထဲရှိ ညောင် ပင်က ညောင်ရွက်တွေ အစိမ်းရောင်ကနေ ရွှေအိုရောင်အဖြစ်သို့ ပြောင်းသွားတယ်လို့ ဘုရားဂေါပ ကက စစ်အာဏာရှင်တွေဆီ မျက် နှာလုပ် စာတင်ခဲ့တာကို မင်းအောင်လှိုင်အကြိုက် ပျော်ပျော်ကြီး ဝါဒဖြန့်ကြတော့တယ်။ အဲဒီညောင်ပင် အောက်မှာ သဲဖြူခင်းပြီး ရာဇမတ်ကာ၊ဌာနဆိုင်ရာဝန်ထမ်း တွေကို သွားရောက်ဖူးမြှော် ကန်တော့ခိုင်းနဲ့။ ယောက်ယက်တွေခတ်ကုန်ရော။
ဒါဟာ သမ္မတတုရဲ့ ဘုန်းတန်ခိုးနိမိတ်။နိုင်ငံအေးချမ်းသာယာမယ့်နိမိတ်လို့ စစ်အုပ်စုဝါဒဖြန့် မီဒီယာ One News တို့ဘာတို့က အကြီးအကျယ်ကို တင်ဆက်လို့။ One News ကရေးထားတဲ့ ညောင်ရွက်တွေ ရွှေအို ရောင်ပြောင်းဆိုတဲ့သတင်းအောက်မှာ ပြည်သူတွေ လှောင်ပြောင်ထား ကြ တာလည်း တွေ့ရတယ်။ပြီးတော့ ရက်ပိုင်းမှာပဲ ရွှေအိုရောင်တွေလည်း ကြွေကျ မြေခ၊နိမိတ်ကောင်း တယ်ဆိုတဲ့ ညောင်ပင်ကြီးလည်း အရိုးပြိုင်း ပြိုင်းထတော့မှပဲ လက်ခမောင်းခတ်နေတဲ့ စစ်လော်ဘီ တွေ ငြိမ်ကုပ်သွားတော့တယ်။အဲဒီတော့မှပဲ ညောင်ပင်က အပူပြင်းပြီး ရေဓာတ်မလုံလောက်တာ ကြောင့် အရွက်တွေ ရော်သွားတယ်ဆိုတာနဲ့ ကျပ်မပြည့်လို့ ဝါဒဖြန့်မိတယ်ဆိုတာကို တိတ်တိတ်က လေး ကြိတ်လက်ခံသွားကြပုံရတယ်။
ညောင်ရွက်တွေ ကြွေကျသွားတဲ့ မေ၈ရက်ဟာ တိုက်တိုက်ဆိုင်ဆိုင်ပဲ မင်းအောင်လှိုင် တက် ခွင့်မရတဲ့ ၄၈ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးကျင်းပတဲ့ရက်။ထိပ်သီးအစည်းအဝေး အ ပြီး သတင်းစာရှင်းလင်းပွဲမှာ အာဆီယံအလှည့်ကျဥက္ကဌ ဖိလစ်ပိုင်သမ္မတမားကိုစ့်က ဒေါ်အောင် ဆန်းစုကြည် လွတ်မြောက်ဖို့လို သလို နိုင်ငံရေးဆိုင်ရာအခွင့်အရေးတွေ ကျင့်သုံးလုပ်ကိုင်ခွင့်နဲ့ ခေါင်းဆောင်တစ်ဦးအနေနဲ့ ဆောင်ရွက်နိုင်ခွင့် ရရှိရေးလည်း လိုအပ်တယ်လို့ ပြောကြားသွားခဲ့တယ်။
အဲဒီကစလို ပတ္တမြားတုံးနဲ့ ရွှေအိုရောင်ညောင်ရွက်လည်း အသံတစ်စက် ထပ်မထွက်ရဲဘဲ ပွဲပြီးသွားတော့တယ်။
