စစ်တပ်စစ်ကြောင်း ဝင်ရောက်လာ၍ ပေါက်အနောက်ပိုင်းရှိ ကျေးရွာ ၁၁ ရွာ စစ်ရှောင်နေရ

ဓာတ်ပုံ-ပေါက် ပအဖ
ပုံစာ - ပေါက်မြို့နယ်အနောက်ပိုင်းရှိ စစ်ရှောင်ပြည်သူအချို့အား တွေ့ရစဥ်

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်အနောက်ပိုင်းကို စစ်ကော်မရှင်စစ်ကြောင်း ဝင်ရောက်လာ၍ ကျေးရွာ ၁၁ ရွာမှ ဒေသခံပြည်သူ ၅၀၀၀ ကျော် စစ်ရှောင်နေကြရကြောင်း ပေါက်မြို့နယ်၊ လူသားစာနာဌာနနှင့် ဒေသခံများထံက သိရှိရသည်။

၂၀၂၆ ခုနှစ်၊ မေ ၉ ရက်၌ စစ်ကော်မရှင်၏ ပေါက် ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ – ၂၄) မှ ထွက်လာသည့် စစ်ကော်မရှင်တပ်သားများ တင်ဆောင်လာသည့် ဖောကားကြီး သုံးစီးနှင့် ကားငယ် နှစ်စီးမှာ ထီးလင်းမြို့နယ်၊ ကျင်းကျေးရွာဘက်သို့ ဦးတည်မောင်းနှင်ခဲ့ပြီး အင်အား ၂၀၀ ဝန်းကျင်ပါရှိသည့် ခြေလျင်စစ်ကြောင်းတစ်ကြောင်းမှာလည်း ပေါက်မြို့နယ်အနောက်ပိုင်း၊ ရေဖြူကျေးရွာ၌ ညအိပ်ရပ်နားခဲ့သည်။

ယမန်နေ့ (မေ ၁၁ ရက်)၊ နံနက်ပိုင်း၌ ပေါက်မြို့နယ်၊ ရေဖြူကျေးရွာမှ ထွက်လာသည့် အင်အား ၂၀၀ ဝန်းကျင်ပါ စစ်ကြောင်းမှာ ပခုက္ကူ – မင်းတပ်လမ်းပိုင်းပေါ်ရှိ ပလောင်းနှင့် ကျောက်မဲတောင်ကျေးရွာများသို့ ဝင်ရောက်လာခြင်းဖြစ်သည်။

“စစ်ကြောင်းက ခြေလျင်စစ်ကြောင်း။ တစ်ရွာပြီး တစ်ရွာ ဖြည်းဖြည်းချင်း ရှေ့တိုးလာတာ။ မနေ့က ရေဖြူကနေထွက်ပြီး ၁၁ နာရီလောက်မှာ ပလောင်းရွာ ရောက်တယ်။ နေ့လယ်ကနေ ဆက်ထွက်တာ ည ၇ နာရီမှာ ကျောက်မဲတောင်ရွာကို ရောက်တယ်။ ဒီမနက်ကတော့ စစ်ကြောင်းထွက်တာ မကြားသေးဘူး။ အင်အား ထပ်တိုးတယ်လို့တော့ သိရတယ်” ဟု မြေပြင်အခြေအနေ သိရှိသူ အမျိုးသမီးတစ်ဦးက MPA သို့ ပြောသည်။

မေလဆန်းပိုင်း၌ ပေါက် ကပစ ၂၄ နှင့် ဆိပ်ဖြူ ကပစ ၂၂ တို့တွင် ပြင်ဦးလွင်မှ ဆင်းလာသည့် အင်အား ၆၀၀ ဝန်းကျင်ပါ စစ်ကြောင်းတစ်ကြောင်းစီ ရောက်ရှိခဲ့သည်။

၂၀၂၆ ခုနှစ်၊ မေ ၁ ရက်၌ ဆိပ်ဖြူ ကပစ ၂၂ မှ အင်အား ၆၀၀ ဝန်းကျင် စစ်ကြောင်းက စစ်ကြောင်းသုံးကြောင်းခွဲကာ မေ ၆ ရက်၌ ပေါက် ကပစ ၂၄ သို့ ဝင်ရောက်သွားခဲ့သည်။

အဆိုပါ စစ်ကြောင်းများကို မေ ၄ ရက်နှင့် မေ ၅ ရက်တို့တွင် ပခုက္ကူခရိုင် တောင်ပိုင်းစုဖွဲ့မှု စစ်ကြောင်းက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ၉ ဦး သေဆုံးခဲ့ပြီး ၁၀ ဦးထက်မနည်း ပြင်းထန်ဒဏ်ရာများ ရရှိခဲ့ကြောင်း ပခုက္ကူခရိုင် တပ်ရင်း ၁၂ က ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် မေ ၁၁ ရက်မှစ၍ ပေါက် ကပစ ၂၄ မှ စစ်ကြောင်းများခွဲ၍ ပေါက်မြို့နယ်အနောက်ပိုင်းရှိ ကျေးရွာများကို စစ်ကြောင်းထိုးနေခြင်းဖြစ်သည်။

“အဲ့ဒီ့စစ်ကြောင်းက ပေါက်နယ်ထဲမှာဘဲ ဆိုပေမယ့် ဆောမြို့နယ်ထဲကို ရောက်ဖို့က မလိုတော့ဘူး။ အခြေအနေကတော့ စောင့်ကြည့်ရမှာပဲ” ဟု အသက် ၃၀ နှစ်အရွယ် အမျိုးသားတစ်ဦးက ဆိုသည်။

ထိုကဲ့သို့ စစ်ကော်မရှင်က စစ်ကြောင်းထိုးလာ၍ ပေါက်ကပစ ၂၄ လက်နက်စက်ရုံအနောက်ဘက်ရှိ ကာလရှည်နေရပ်စွန့်ခွာနေရသည့် ကျေးရွာ ၁၁ ရွာမှ အိမ်ထောင်စု ၁၁၀၀ ခန့်၊ လူဦးရေ ၅၀၀၀ ဝန်းကျင်မှာ ထပ်မံ၍ ဘေးလွတ်ရာ စစ်ရှောင်နေကြရကြောင်း ပေါက်မြို့နယ်၊ လူသားစာနာဌာနက မေ ၁၁ ရက်၊ ညပိုင်း၌ ထုတ်ပြန်ထားသည်။

“စစ်ကြောင်းက အင်အားလည်းများတော့ စစ်ကြောင်းဝင်ထားတဲ့လမ်းပေါ်က ရွာတွေက ရှောင်ကုန်ကြတာ လေးငါးရက်ရှိကြပြီ။ အခုက မိုးကလည်း ရွာ၊ မုန်တိုင်းလည်းရှိနေတယ်ဆိုတော့ စစ်ရှောင်ရတာ ခက်ခဲတယ်” ဟု စစ်ရှောင်တစ်ဦးက ဆိုသည်။

စစ်ကော်မရှင်အနေဖြင့်လည်း တံတားဦးမှ တက်လာသည့် ဂျက်ဖိုက်တာများဖြင့် တိုက်ပွဲများဖြစ်ပွားခြင်းမရှိသည့် မင်းတပ်မြို့နယ်အတွင်းရှိ နေရာများကို ဗုံးကြဲတိုက်ခိုက်မှုများ လုပ်ဆောင်လျက်ရှိနေသည်။

ချင်းပြည်နယ်တောင်ပိုင်းနှင့် ယောဒေသအတွင်းရှိ ဒေသခံပြည်သူများကို လေကြောင်းသတိထားကြရန် ဒေသတွင်းအဖွဲ့အစည်းများက အသိပေးတိုက်တွန်းထားကြသည်။