အာဆီယံအနေနှင့် စစ်အာဏာရှင်တို့၏ သမိုင်းဆိုးကို သင်ခန်းစာယူကာ မြန်မာပြည်သူများအား ကူညီ ချိန်တန်ပြီဟု Defend Myanmar Democracy က ဆိုသည်။
မြန်မာနိုင်ငံ၏ ခေတ်အဆက်ဆက် အာဏာရှင်များသည် ၎င်းတို့ကျူးလွန်ခဲ့သော ရာဇဝတ်မှုများမှ ကင်းလွတ်ရန်နှင့် အာဏာရှင်သရုပ်မှန်ကိုဖုံးကွယ်၍ ၎င်းတို့လက်တွင်းအာဏာ ရေရှည်ခိုင်မြဲရန် အတွက် နိုင်ငံတကာအသိအမှတ်ပြုမှုနှင့် တရားဝင်မှုရရှိရေးအတွက် အာဆီယံကို အသုံးချ၍ အောင်မြင်မှုများရယူနိုင်ခဲ့ကြောင်း အာဆီယံသည် ခေတ်အဆက်ဆက်အာဏာရှင်များ ခိုင်မာအားကောင်းရေးအတွက် အသုံးတော်ခံပေးခဲ့သော်လည်း ဖိနှိပ်သတ်ဖြတ်ခံနေရသော မြန်မာပြည်သူများအပေါ် မျက်ကွယ်ပြုထားခဲ့ကြောင်းလည်း ဆိုသည်။
“မြန်မာ့သမိုင်းဆိုးကို သင်ခန်းစာယူချိန်တန်ပြီ”ဟု Defend Myanmar Democracy က အာဆီယံ ကို တိုက်တွန်းလိုက်သည်။
ရာဇဝတ်ခေါင်းဆောင် မင်းအောင်လှိုင်ဦးဆောင်သော စစ်အုပ်စုသည် ၎င်းတို့၏ရှေ့အဆက်ဆက် အာဏာရှင် များအသုံးပြုခဲ့သော လမ်းဟောင်းအတိုင်း ဆက်လက်လျှောက်လှမ်းလျက်ရှိပြီး တရားဝင်မှုရရှိရေးခရီးလမ်းအတွက် အာဆီယံကို လှေခါးသဖွယ်အသုံးပြုလျက်ရှိကြောင်း Defend Myanmar Democracy က ထုတ်ပြန်သည်။
“အာဆီယံက အသွားနှစ်ဖက်ပါတဲ့ဓားတစ်လက် ဖြစ်လာတယ်။စစ်အုပ်စုကို တရားဝင်မှု မပေးဘူးဆို တဲ့နိုင်ငံတွေနဲ့ တရားဝင်မှုပေးဖို့ ကြိုးစားလာတဲ့နိုင်ငံတွေ အာဆီယံထဲမှာ အားပြိုင်လာနေကြတယ်” ဟု နိုင်ငံရေးဆောင်းပါးရှင်တစ်ဦးက MPAသို့ပြောသည်။
အာဆီယံအနေနှင့် မြန်မာ့အရေးကို သတိကြီးစွာထား၍ ကိုင်တွယ်ဖြေရှင်းရန်နှင့် စစ်မှန်သော ငြိမ်းချမ်းရေးနှင့် ဖယ်ဒရယ်ဒီမိုကရေစီအတွက်တည်ဆောက်နေကြသော မြန်မာနိုင်ငံ၏ စစ်မှန်သော ကိုယ်စားလှယ်များကို တရားဝင်မှုပေးရန်လည်း တိုက်တွန်းထားသည်။
မေလ၈ရက်က ၄၈ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးကို ဖိလစ်ပိုင်နိုင်ငံ၊စီဘူးမြို့တွင် မေ၈ ရက်က ကျင်းပခဲ့ရာ မင်းအောင်လှိုင် တက်ရောက်ခွင့် မရခဲ့ပေ။
