အမေရိကန်နှင့် ယူကရိန်းအစိုးရတို့အကြား ကာကွယ်ရေးဆိုင်ရာ သဘောတူညီချက်အသစ်တစ်ခုအတွက် မူဘောင်အကျဉ်းကို မူကြမ်းရေးဆွဲခဲ့ကြကြောင်း CBS News က သတင်းရင်းမြစ်များကို ကိုးကား၍ မေလ ၁၂ ရက်တွင် ဖော်ပြခဲ့သည်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် အမေရိကန်နိုင်ငံဆိုင်ရာ ယူကရိန်းသံအမတ်ကြီး အိုဟာစတီဖာနီရှိမာတို့ အသေးစိတ်ညှိနှိုင်းရေးဆွဲခဲ့သော အဆိုပါမူကြမ်းသည် ယူကရိန်းအနေဖြင့် အမေရိကန်သို့ စစ်ဘက်ဆိုင်ရာ နည်းပညာများ တင်ပို့နိုင်ရန်နှင့် အမေရိကန်ကုမ္ပဏီများနှင့် ပူးပေါင်း၍ ဒရုန်းများ ထုတ်လုပ်နိုင်ရန်အတွက် ပထမခြေလှမ်းတစ်ခု ဖြစ်သည်။
အီရန်နှင့် ပတ်သက်နေသော ပဋိပက္ခအတွင်း ယူကရိန်းသည် ရုရှားနှင့် လေးနှစ်ကျော်ကြာ ဖြစ်ပွားခဲ့သော စစ်ပွဲမှတစ်ဆင့် ရရှိလာသည့် တီထွင်ဆန်းသစ်မှုများကို အသုံးချခဲ့သည်။
ရုရှားက ယူကရိန်းအပေါ် အသုံးပြုခဲ့သည့် Shahed ဒရုန်းအမျိုးအစားများကို ပြန်လည်ခုခံရာတွင် အမေရိကန်၏ မဟာမိတ်များကို ကူညီရန်အတွက် ယူကရိန်းနိုင်ငံသည် ဒရုန်းကြားဖြတ်တိုက်ခိုက်ရေးယာဉ်များနှင့် လေသူရဲများကို အရှေ့အလယ်ပိုင်းသို့ စေလွှတ်ခဲ့သည်။
ပြီးခဲ့သည့် နှစ်လအတွင်း ယူကရိန်းသည် ဆော်ဒီအာရေးဗီးယား၊ ကာတာနှင့် အာရပ်စော်ဘွားများပြည်ထောင်စုတို့နှင့် ကာကွယ်ရေးဆိုင်ရာ သဘောတူညီချက်များ လက်မှတ်ရေးထိုးခဲ့ပြီး နောက်ထပ်သဘောတူညီချက်များလည်း ဆက်လက်လုပ်ဆောင်နေကြောင်း ယူကရိန်းအရာရှိများက ပြောကြားသည်။
“လက်ရှိမှာ နိုင်ငံပေါင်း ၂၀ နီးပါးဟာ အဆင့်ဆင့် ပါဝင်ဆောင်ရွက်နေပါတယ်။ သဘောတူညီချက် ၄ ခုကို လက်မှတ်ရေးထိုးပြီးပြီဖြစ်သလို အဲဒီသဘောတူညီချက်တွေအောက်က ပထမဆုံး စာချုပ်တွေကိုလည်း ပြင်ဆင်နေပါပြီ” ဟု ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက Telegram တွင် ဖော်ပြခဲ့သည်။
ရုရှားနိုင်ငံအတွင်းပိုင်းထိ ထိုးဖောက်တိုက်ခိုက်ခဲ့သည့် ယူကရိန်း၏ “Operation Spiderweb” ဒရုန်းစစ်ဆင်ရေးကို အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က သီးသန့်ချီးကျူးစကား ပြောကြားခဲ့ပြီးနောက်၊ ၂၀၂၅ ခုနှစ် ဩဂုတ်လတွင် ယူကရိန်းအရာရှိများက ဒရုန်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို အိမ်ဖြူတော်သို့ စတင်အဆိုပြုခဲ့ခြင်း ဖြစ်သည်။
အဆိုပါစစ်ဆင်ရေးတွင် တရားမဝင်မှောင်ခိုသယ်ဆောင်လာသော ထရပ်ကားများပေါ်မှ လွှတ်တင်သည့် အဝေးထိန်းပေါက်ကွဲစေတတ်သော ဒရုန်းများသည် ရုရှားနိုင်ငံတစ်ဝှမ်းရှိ လေတပ်စခန်းများမှ ရုရှားတိုက်လေယာဉ် ဒါဇင်ပေါင်းများစွာကို ဖျက်ဆီးနိုင်ခဲ့ကြောင်း အဆိုပါသတင်းက ဆိုသည်။
အမေရိကန်၏ ရန်ပုံငွေသည် နှစ်နိုင်ငံလုံးရှိ ကာကွယ်ရေးထုတ်လုပ်မှုကဏ္ဍကို တိုးချဲ့ရာတွင် အထောက်အကူဖြစ်စေနိုင်သောကြောင့် အမေရိကန်နှင့် ပူးပေါင်းဆောင်ရွက်ခြင်းသည် နှစ်ဦးနှစ်ဖက်လုံးအတွက် အကျိုးရှိစေမည်ဟု ယူကရိန်းအရာရှိများက ပြောကြားခဲ့သည်။
