ယူကရိန်း အထူးခုံရုံးဖွဲ့စည်းပေးရန် ၃၆ နိုင်ငံအတည်ပြု

ဓာတ်ပုံ - AFP
ပုံစာ - ရုရှား၏ တိုက်ခိုက်မှုကြောင့် ယူကရိန်းမြို့တော်တွင် ပျက်စီးသွားသည့် အဆောက်အအုံနှင့် မော်တော်ယာဉ်များ

ယူကရိန်းကို ကျူးကျော်တိုက်ခိုက်မှုအတွက် ရုရှားကို တရားစွဲဆိုရန် ရည်ရွယ်သည့် “ယူကရိန်းဆိုင်ရာ အထူးခုံရုံး” တွင် သြစတြေးလျ၊ ကော်စတာရီကာနှင့် ဥရောပသမဂ္ဂ (EU) တို့အပြင် ဥရောပနိုင်ငံ ၃၄ နိုင်ငံ ပါဝင်မည်ဖြစ်ကြောင်း ဧပြီလ ၁၅ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။

၂၀၂၂ ခုနှစ်တွင် ရုရှားက စတင်ခဲ့သော ကျူးကျော်စစ်အတွင်း ကျူးလွန်ခဲ့သည့် “ကျူးကျော်မှုဆိုင်ရာ ရာဇဝတ်မှုများ” ကို တရားစွဲဆိုရန် တရားစီရင်ရေးအဖွဲ့တစ်ခု ဖွဲ့စည်းနိုင်ရေးအတွက် ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးသည် ၂၀၂၅ ခုနှစ်တွင် ဥရောပကောင်စီ (Council of Europe) နှင့် သဘောတူညီချက်တစ်ရပ် လက်မှတ်ရေးထိုးခဲ့သည်။

အဖွဲ့ဝင် ၄၆ နိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီးများ ပါဝင်သော ဝန်ကြီးများကောင်စီသည် အဆိုပါ ခုံရုံးအတွက် အခြေခံအုတ်မြစ်ချပေးမည့် ဆုံးဖြတ်ချက်ကို အတည်ပြုခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အပြင် ကောင်စီအဖွဲ့ဝင် ၃၄ နိုင်ငံ၊ ဥရောပသမဂ္ဂ အဖွဲ့အစည်း၊ ကော်စတာရီကာနှင့် သြစတြေးလျတို့သည် အဆိုပါခုံရုံး တည်ထောင်ရေး သဘောတူညီချက်တွင် ပါဝင်ရန် “ဆန္ဒရှိကြောင်း ဖော်ပြခဲ့ကြသည်” ဟု ထပ်လောင်း ပြောကြားခဲ့သည်။

“ရုရှားရဲ့ ကျူးကျော်မှုအတွက် တာဝန်ခံရမယ့်အချိန်က အမြန်ဆုံး ရောက်ရှိလာတော့မှာပါ” ဟု ဥရောပကောင်စီ၏ အထွေထွေအတွင်းရေးမှူးချုပ် အလိန်း ဘာဆက် က ပြောကြားသည်။

“ဒီအထူးခုံရုံးဟာ တရားမျှတမှုနဲ့ မျှော်လင့်ချက်ကို ကိုယ်စားပြုပါတယ်။ အခုအချိန်မှာတော့ ခုံရုံးရဲ့ လုပ်ငန်းဆောင်တာတွေနဲ့ ရန်ပုံငွေကို အာမခံချက်ရှိအောင် လုပ်ဆောင်ခြင်းအားဖြင့် ဒီနိုင်ငံရေးဆိုင်ရာ ကတိကဝတ်ကို ဆက်လက်အကောင်အထည်ဖော်ဖို့ လိုအပ်ပါတယ်” ဟု ထုတ်ပြန်ချက်တွင် ဘာဆက် က ပြောကြားခဲ့သည်။

ပြင်သစ်အခြေစိုက် အဆိုပါ အခွင့်အရေးအဖွဲ့တွင် ဥရောပသမဂ္ဂ အဖွဲ့ဝင် ၂၇ နိုင်ငံသာမက တူရကီ၊ ဗြိတိန်နှင့် ယူကရိန်းတို့ကဲ့သို့ အဖွဲ့ပြင်ပရှိ အဓိကဥရောပနိုင်ငံများလည်း ပါဝင်သည်။

ရုရှားနိုင်ငံသည် ၂၀၂၂ ခုနှစ် ယူကရိန်းကို ကျူးကျော်ပြီးနောက် ဥရောပကောင်စီမှ ထုတ်ပယ်ခြင်း ခံခဲ့ရသည်။

ဥရောပနိုင်ငံခြားရေးဝန်ကြီးများသည် ၂၀၂၅ ခုနှစ် အစည်းအဝေးတွင် အဆိုပါ တရားစီရင်ရေးအဖွဲ့ ဖွဲ့စည်းခြင်းကို ထောက်ခံခဲ့ကြသည်။

၂၀၂၆ ခုနှစ်တွင် စတင်လုပ်ဆောင်ရန် မူလက ရည်မှန်းထားသည့် ထိုခုံရုံးသည် ရုရှားသမ္မတ ဗလာဒီမာ ပူတင် အပါအဝင် အဆင့်မြင့်ပုဂ္ဂိုလ်များကို လုပ်ထုံးလုပ်နည်းဖြင့် တရားစွဲဆို စစ်ဆေးနိုင်မည်ဖြစ်သည်။

သည်ဟိဂ် (The Hague) အခြေစိုက် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး (ICC) သည် ယူကရိန်းကလေးငယ်များကို ပြန်ပေးဆွဲမှုနှင့်ပတ်သက်၍ ပူတင်ကိုလည်းကောင်း၊ အရပ်သားများကို ပစ်မှတ်ထားမှုနှင့်ပတ်သက်၍ ၎င်း၏ ထိပ်တန်းစစ်ဗိုလ်ချုပ် လေးဦးကိုလည်းကောင်း ဖမ်းဝရမ်းများ ထုတ်ပြန်ထားပြီးဖြစ်သည်။

သို့သော် ကျူးကျော်စစ်ကို စတင်ရန် ဆုံးဖြတ်ခဲ့သည့် အခြေခံကျသော ဆုံးဖြတ်ချက်နှင့် ပတ်သက်၍ ရုရှားကို တရားစွဲဆိုရန် ICC တွင် စီရင်ပိုင်ခွင့် မရှိပေ။

ဥရောပသမဂ္ဂအဖွဲ့ဝင်များ ဖြစ်ကြသည့် ဟန်ဂေရီ၊ စလိုဗက်ကီးယား၊ ဘူလ်ဂေးရီးယားနှင့် မော်လ်တာတို့ အပါအဝင် ဥရောပကောင်စီ အဖွဲ့ဝင် ၁၂ နိုင်ငံသည် အဆိုပါခုံရုံး သဘောတူညီချက်တွင် မပါဝင်သေးပေ။

လက်မှတ်မထိုးရသေးသည့် အခြားနိုင်ငံများတွင် ဘော်လ်ကန်ဒေသမှ ဆားဘီးယား၊ ဘော့စနီးယားနှင့် ဟာဇီဂိုဗီးနား၊ မြောက်မက်စီဒိုးနီးယားနှင့် အယ်လ်ဘေးနီးယား တို့အပြင် အာမေးနီးယား၊ အဇာဘိုင်ဂျန်၊ ဂျော်ဂျီယာနှင့် တူရကီတို့ဖြစ်သည်။