၁၅ ရက်အတွင်း စစ်အုပ်စု အကြမ်းဖက်တိုက်ခိုက်မှုကြောင့် အမျိုးသမီး၉ဦးအပါအဝင် စုစုပေါင်းပြည် သူ ၂၈ဦး အသက်ဆုံးရှုံးခဲ့ကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP က သတင်းထုတ်ပြန်သည်။
၂၀၂၆ခုနှစ်၊မေလတစ်ရက်မှ ၁၅ရက်အတွင်း စစ်အုပ်စု၏ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် အမျိုးသမီး၉ဦးနှင့် အမျိုးသား၁၉ဦး အသက်ဆုံးရှုံးခဲ့ကြောင်း အမည်နှင့်တကွ အတည်ပြုနိုင်ခဲ့ပြီး ယင်းအထဲတွင် အသက် ၅ လ အရွယ် ယောက်ျားလေးတဦးအပါအဝင် အသက် ၁၈ နှစ်အောက် ကလေးငယ် ၉ ဦး ပါဝင်ကြောင်း သိရသည်။
စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အများဆုံးသေဆုံးခဲ့ရပြီး အယောက်၂၀ အသက်ဆုံး ရှုံးခဲ့ကြောင်း AAPP ကဆိုသည်။
“ပြည်သူကို လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွေက နေ့စဉ် ကြောက်ခမန်းလိလိ ဖြစ်နေတယ်။ဗုံးကြဲ လေယာဉ်တွေကို ကျနော်တို့ ပစ်ချနိုင်စွမ်းမရှိဘူးဆိုတော့ လေယာဉ်ဆီရရှိနေတဲ့လမ်းကြောင်းတွေ ကို ဘယ်လိုပိတ်ဆို့ကြမလဲဆိုတာ လက်တွေ့ကျတဲ့ နည်းလမ်းတွေနဲ့ ပြန်သုံးသပ်ကြဖို့လိုပါမယ်။ နိုင်ငံတကာရဲ့ ပိတ်ဆို့မှုတွေကို အမှန်တကယ်ထိရောက်အောင် ဘယ်လိုလုပ်မလဲဆိုတာ နည်းလမ်း တွေကို သေသေချာချာ ဝိုင်းစဉ်းစားဖော်ဆောင်ကြဖို့ လိုပြီ”ဟု နယ်စပ်ဒေသအခြေစိုက် CDMအရာရှိ တစ်ဦးက MPAသို့ပြောသည်။
စစ်ကိုင်းတိုင်းသည် သေဆုံးမှု ၉ဦးဖြင့် အများဆုံးဖြစ်ပြီး ချင်းပြည်နယ်အတွင်း ၈ဦး သေဆုံးခဲ့သည်။
အဆိုပါ ကာလအတွင်း အတည်ပြုရန်လိုအပ်နေဆဲ သေဆုံးအရပ်သား ၂၉ ဦး၏ စာရင်းကို သီးခြားကောက်ယူ စုဆောင်းပြီး အတည်ပြုနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း AAPPက ထုတ်ပြန် ထားသည်။
မေလ ၁၂ ရက်နေ့၊ ည ၁၁ နာရီဝန်းကျင်တွင် ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ မဲ့ဘောခီးကျေးရွာကို စစ်အုပ်စုက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကျေးရွာအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့သော ကြောင့် ဖာပွန်မြို့နယ်၊ ဘောကြို့လယ်ကျေးရွာမှ စစ်ဘေးရှောင်တဦးဖြစ်သူ အသက် ၁၉ နှစ်အရွယ် နော်ဘာဘူ ဗုံးစထိမှန်ကာ သေဆုံးခဲ့သည်။
