တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် ပေကျင်းမြို့ ဆွေးနွေးပွဲအတွင်း ရရှိခဲ့သည့်သဘောတူညီချက်ကြောင့် အီရန် အနေဖြင့် ဟော်မုဇ် ရေလက်ကြားကို ပြန်လည်ဖွင့်လှစ်ပေးရမည်ဖြစ်ကြောင်း အမေရိကန်သမ္မတဒေါ်နယ်ထရန့်က တရုတ်နိုင်ငံမှအပြန် Airforce One ပေါ်တွင် သတင်းထောက်များကို ပြောကြားသည်။
ထို့အပြင် ထရန့်က ၎င်းအနေဖြင့် အီရန်ကို စိတ်ကုန်နေပြီ ဖြစ်ကြောင်းလည်း ပြောကြားသည်။
အီရန်ရေနံဝယ်ယူနေသော တရုတ်ရေနံကုမ္ပဏီများအပေါ် ပိတ်ဆို့အရေးယူမှုချမှတ်ထားခြင်းများကို ပြန်လည်ရုပ်သိမ်းပေးရန် ရှိ၊ မရှိ စဉ်းစားနေကြောင်းလည်း ထရန့်ကဆိုသည်။
“တခြားသူတွေ မဖြေရှင်းနိုင်တဲ့ ပြဿနာတော်တော်များများကို ကျွန်တော်တို့ ဖြေရှင်းနိုင်ခဲ့ပါတယ်” ဟု အီရန်စစ်ပွဲ၊ ထိုင်ဝမ်၊ ကုန်သွယ်ရေးနှင့် အခြားကိစ္စရပ်များ ပါဝင်သည့် ဒုတိယမြောက်နေ့ ဆွေးနွေးပွဲအပြီး ပေကျင်းတွင် မစ္စတာရှီနှင့် တွေ့ဆုံပြီးနောက် မေလ ၁၅ ရက်နေ့တွင် ထရန့်က ပြောကြားခဲ့သည်။
တရုတ်သမ္မတရှီကျင့်ဖျင်က အီရန်နှင့်ပတ်သက်၍ ထရန့်နှင့် ဆွေးနွေးမှုအပေါ် မှတ်ချက်မပေးသော်လည်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက အီရန်စစ်ပွဲနှင့် ပတ်သက်၍ ၎င်းတို့၏ စိတ်ပျက်မှုကို ဖော်ပြသည့် ပြတ်သားသော ထုတ်ပြန်ချက်တစ်ရပ် ထုတ်ပြန်ခဲ့သည်။
“ဘယ်တုန်းကမှ မဖြစ်ပွားသင့်ခဲ့တဲ့ ဒီပဋိပက္ခဟာ ဆက်လက်ဖြစ်ပွားနေဖို့ အကြောင်းပြချက် မရှိပါဘူး” ဟု ဝန်ကြီးဌာနက ဆိုသည်။
အမေရိကန်သည် ပြီးခဲ့သည့်လတွင် အီရန်အပေါ် တိုက်ခိုက်မှုများကို ရပ်ဆိုင်းခဲ့သော်လည်း နိုင်ငံ၏ ဆိပ်ကမ်းများကို ပိတ်ဆို့မှု စတင်ခဲ့သည်။
အမေရိကန်က ထိုကဲ့သို့ ပိတ်ဆို့မှုကို မရပ်တန့်မချင်း ရေလက်ကြားကို ပြန်ဖွင့်ပေးမည်မဟုတ်ကြောင်း အီရန်က ပြောကြားခဲ့သည်။ အီရန်က သဘောတူညီချက်တစ်ရပ် မရယူပါက ထပ်မံတိုက်ခိုက်မည်ဟုလည်း ထရန့်က ခြိမ်းခြောက်ထားသည်။
“သူတို့ကို နျူကလီးယားလက်နက် မပိုင်ဆိုင်စေချင်ဘူး၊ ရေလက်ကြားကိုလည်း ပွင့်နေစေချင်တယ်” ဟု ထရန့်က ရှီနှင့်အတူ မေလ ၁၅ ရက်က အတူရှိနေချိန်တွင် ပြောကြားခဲ့သည်။
အီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ်စ် အာရတ်ချီကလည်း အနေဖြင့် ဆွေးနွေးပွဲများ ဆက်လက်လုပ်ဆောင်ရန် ဆန္ဒရှိကြောင်း ပြသသည့် သတင်းစကားများကို ၎င်းတို့အစိုးရက လက်ခံရရှိထားသည်ဟု ပြောသော်လည်း အသေးစိတ်ကိုမူ ချက်ချင်းပြောဆိုခြင်း မရှိပေ။
နျူကလီးယားလက်နက် ထုတ်လုပ်ရန် ရည်ရွယ်ချက်ရှိကြောင်း ငြင်းဆိုထားသည့် အီရန်သည် ၎င်း၏ နျူကလီးယားအစီအစဉ်ကို ရပ်ဆိုင်းရန် သို့မဟုတ် ဝှက်ဖုံးထားသည့် သန့်စင်ပြီး ယူရေနီယံ လက်ကျန်များကို စွန့်လွှတ်ရန် ငြင်းဆန်ထားရာ ထရန့်အတွက် စိတ်ပျက်စရာ ဖြစ်နေသည်။
“ကျွန်တော် သိပ်ပြီး စိတ်ရှည်မှာမဟုတ်တော့ဘူး။ သူတို့ သဘောတူညီချက်တစ်ခု ရယူသင့်တယ်” ဟု မေလ ၁၄ ရက် ညပိုင်းက Fox News ၏ Hannity အစီအစဉ်တွင် ထုတ်လွှင့်ခဲ့သော အင်တာဗျူးတစ်ခု၌ ထရန့်က ပြောကြားခဲ့သည်။
ပဋိပက္ခကို ဖြေရှင်းရာတွင် တိုးတက်မှုမရှိခြင်းအပေါ် စိုးရိမ်မှုများကြောင့် ရေနံစျေးနှုန်းသည် ၃ ရာခိုင်နှုန်းခန့် မြင့်တက်လာပြီး တစ်စည်လျှင် အမေရိကန်ဒေါ်လာ ၁၀၉ ဒေါ်လာ နီးပါးသို့ ရောက်ရှိသွားသည်။
