မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေတိုက်နယ်၌ စစ်ရှောင် ၂သောင်းဝန်းကျင် အခြေခံရိက္ခာ လိုအပ်ချက်များနှင့် ရင်ဆိုင်နေကြရကြောင်း ပခုက္ကူ မြို့နယ် လူသားစာနာတာဝန်ခံနှင့် စစ်ရှောင်ဒေသခံများထံက သိရှိရသည်။
၂၀၂၆ ခုနှစ်၊ မေ ၈ ရက်မှစ၍ လက်ရှိအချိန်ထိ စစ်တပ်၏ စစ်ကြောင်းထိုးမှုများကြောင့် ပခုက္ကူမြို့ နယ်အနောက်ဘက်၊ မြစ်ခြေတိုက်နယ်အတွင်းရှိ ကျေးရွာပေါင်း ၃၀ ကျော်မှ ဒေသခံ ၂သောင်းဝန်းကျင် စစ်ရှောင်နေကြရသည်။
“မြို့ရဲ့ အနောက်ဘက်ခြမ်းအကုန်လုံးကို စစ်တပ်က ဖြတ်၄ဖြတ် စားသောက်ကုန်နဲ့ တခြားသော ပစ္စည်းတွေကို သယ်ယူဖို့ ခွင့်မပြုတဲ့အတွက် ဆန်၊ စားဆီတွေ စတဲ့ အခြေခံလိုအပ်ချက်တွေနဲ့ ရင် ဆိုင်ရသလို စိန်ခေါ်မှုတွေကိုလည်း ရင်ဆိုင်ဖြေရှင်းနေရပါတယ်။ ဒီ့ထက်အချိန်ကာလကြာရှည်လာ ရင်တော့ ရာသီဥတုဒဏ်နဲ့ လူဦးရေထူထပ်တာနဲ့ဆိုတော့ ဆေးဝါးအခက်အခဲတွေပါ ကြုံတွေ့လာ ရနိုင်တယ်” ဟု ပခုက္ကူမြို့နယ် လူသားစာနာတာဝန်ခံက MPA သို့ ပြောသည်။
လက်ရှိတွင် စစ်တပ်က ယောနှင့် ရခိုင်ပြည်နယ်တို့ကို ဆက်သွယ်ထားသည့် ကုန်သွယ်ရေးလမ်း ကြောင်းများကို ဖြတ်တောက်နေပြီး ပခုက္ကူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နှင့် အခြားသော အဖွဲ့အ စည်းများ၊ ဒေသခံပြည်သူများနှင့် ပူးပေါင်း၍ စားနပ်ရိက္ခာများကို ကူညီထောက်ပံ့နေကြောင်း သိရသည်။
“အမျိုးသမီးနေ့စဥ်သုံးပစ္စည်းတွေ လိုအပ်ချက်ကတော့ ဒီ့ထက်ပိုပြီးကြာလာတယ်ဆိုရင် ရေရှည် စစ်ရှောင်တွေလည်း ရှိနေတဲ့အတွက် လက်ရှိ အခု စစ်ရှောင်ဦးရေ က ၁၈၀၀၀ နဲ့ ၁၉၀၀၀ ဝန်းကျင် မှာ ရှိနေတယ်။ ရွာပေါင်း ၃၀ ကျော် စစ်ရှောင်နေရတဲ့အတွက် ပိုပြီးခက်ခဲလာမယ့် အနေအထားမှာ ရှိနေပါတယ်” ဟု ပခုက္ကူမြို့နယ် လူသားစာနာတာဝန်ခံက ဆိုသည်။
ပြီးခဲ့သည့် မေ ၈ ရက်မှစတင်ကာ ပခုက္ကူမြို့အခြေစိုက် တပ်မ ၁၀၁ မှ ထွက်လာသည့် တပ်၊ ညောင် ဦးအခြေစိုက် ခလရ ၄၁၅ နှင့် ပခုက္ကူမြို့နယ်တို့မှ ထွက်လာသည့် ပြည်သူ့စစ်တို့ ပူးပေါင်းကာ လက်ရှိ အချိန်ထိ စစ်ကြောင်းထိုးနေကြောင်း သိရသည်။
“မြစ်ခြေမှာ တိုက်ပွဲတွေ ဖြစ်နေတာ ၁၀ရက်ကျော် ကြာပြီ။ အရင်ကလည်း မြို့ပေါ်ကို ဝင်ပြီး ပစ္စည်း တွေဖျက်ဆီး၊ ဒရုန်းနဲ့ ဗုံးကြဲတာတွေ လုပ်တယ်။ အခုလည်း စစ်ကြောင်းဝင်တဲ့ ရွာတွေမှာ အိမ်တွေ မီးရှို့တယ်၊ တချို့လည်း အသတ်ခံရတယ်။ နှစ်ဖက်လုံးကတော့ ထိခိုက်တာတွေ ရှိတယ်” ဟု ဒေသခံ အမျိုးသားတစ်ဦးက ဆိုသည်။
အဆိုပါ စစ်ကြောင်းသည်ပခုက္ကူမြို့နယ်၊ မိုးနတ်ကုန်း၊ ထန်းတောခြောက်၊ လက်ပံကျွန်း၊ ကူကျွန်း၊ နံကပ်၊ ဥယျာဥ်၊ ညောင်ပင်နှင့် အင်ဝိုင်းကျေးရွာတို့ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
စစ်တပ်က ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့ အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများကို ဒရုန်းဖြင့် ဗုံးကြဲနေသဖြင့် ဒေသခံများ ရှောင်တိမ်းနေရကြောင်း အညာတောအိမ်-Anyar Taw Eain က ဖော်ပြထားသည်။
စစ်တပ်လော်ဘီ ကျော်စိုးဦးက မန္တလေးတိုင်းအတွင်းရှိ ညောင်ဦးဒေသတစ်ကြော၌ စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များကြား တိုက်ပွဲဖြစ်ပွားနေပြီး စစ်တပ်က မရှင်းလင်းနိုင်သေးကြောင်း ၄င်း၏ Tiktok အကောင့်၌ ဖော်ပြထားသလို ပခုက္ကူမြို့နယ်၊ မြစ်ခြေ မြစ်ကမ်းဘေးကျေးရွာများကို စစ် ကြောင်းထိုး နယ်မြေရှင်းနေကြောင်း တပ်လော်ဘီများက ဝါဒဖြန့်လျက်ရှိသည်။
စစ်တပ်သည် ၂၀၂၆ ခုနှစ်၊ မေ ၁၃ ရက်မှစ၍ ပခုက္ကူမြို့ အနောက်ဘက်ခြမ်းရှိ လက်ရှိစစ်ကြောင်း ထိုးနေသည့် ယောဒေသအပါအဝင် မြိုင်၊ ပေါက်၊ မြစ်ခြေ၊ ရေစကြို၊ ဆိပ်ဖြူ၊ ချောက်၊ ရေနံချောင်း၊ စလင်း၊ မန္တလေးတိုင်းအတွင်းရှိ ငါ့သရောက်နှင့် ညောင်ဦးမြို့နယ်တို့ကို ဖြတ် ၄ဖြတ်လုပ်ဆောင် နေခြင်း ဖြစ်သည်။
စာတည်း-ကိုဆန်း
