ချင်းပြည်နယ်၊ တွန်းဇံမြို့ကို စစ်တပ်က ပြန်လည်သိမ်းပိုက်လိုက်ကြောင်း သိရသည်။
မေလ ၁၉ရက် ညနေပိုင်းက CDF – Tonzang ထိန်းချုပ်ထားသည့် တွန်းဇံမြို့ကို စစ်တပ်နှင့် ၎င်း၏လက်အောက်ခံ ဇိုမီးတော်လှန်ရေးတပ်မတော် (ZRA – EC) တို့က ၉ရက်ကြာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးနောက် ပြန်လည်သိမ်းပိုက်သွားနိုင်ခြင်းဖြစ်ကြောင်း သိရသည်။
” စစ်တပ်က လေကြောင်းပစ်ကူ၊ ဒရုန်းနှင့် လက်နက်အင်အား အလွန်အကျွံအသုံးပြုပြီး အင်အား အလုံးအရင်းနဲ့ ထိုးစစ်ဆင်လာလို့ ဆုတ်ပေးလိုက်ရတာပါ။ (မေလ)၁၅ရက်ထဲက မြို့နဲ့ ၁၀မိုင် လောက်ကို စစ်ကြောင်းရောက်နေတာ။ စစ်ကြောင်းပိတ်မိနေအောင် တိုက်ခိုက်နိုင်ခဲ့ပေမဲ့ လေ ကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေ ဆက်တိုက်ပြုလုပ်လို့ ဆုတ်ပေးခဲ့ရတာ” ဟု တွန်းဇံမြို့စစ် ရေးသတင်းရင်းမြစ်က MPA ကို ပြောသည်။
စစ်တပ်နှင့် ZRA – ECတို့သည် ပူးပေါင်းအင်အား ၈၀၀ ခန့်ဖြင့် နတ်ဇန်လမ်းပိုင်းမှ စစ်ကြောင်း တစ်ကြောင်း၊ ဗျာလ်ကျင်းရွာဘက်မှ စစ်ကြောင်းတစ်ကြောင်းနှင့် လွမ့်ဇန် လမ်းပိုင်းမှ စစ်ကြောင်း တစ်ကြောင်း စုစုပေါင်း ၃ကြောင်းခွဲ တိုက်ခိုက်ကာ သိမ်းပိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
” ဒီတိုက်ပွဲတွေအတွင်းမှာ စစ်တပ်ဘက်က ၈၀ လောက် သေဆုံးခဲ့တယ်။ မြို့ကိုတော့ ဒီနေ့ညပိုင်း ၇နာရီလောက်အထိ စစ်တပ်က ဗုံးကြဲနေဆဲပဲ။ နယ်မြေရှင်းတဲ့သဘောပေါ့ ” ဟု ၎င်းက ဆက်လက် ပြောသည်။
၂၀၂၄ ခုနှစ်၊ မေလ ၂၃ ရက်က တွန်းဇံမြို့ကို ချင်းအမျိုးသားတပ်မတော် (CNA) နှင့် CDF-Tonzang တို့ ပါဝင်သည့် ချင်းလဲန်းကောင်စီအောက်ရှိ ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက် သိမ်းပိုက်ခဲ့ပြီး ၂နှစ်အကြာ၌ စစ်တပ်က ပြန်လည်သိမ်းပိုက်သွားခြင်းဖြစ်ကြောင်း သိရသည်။
စစ်တပ်သည် ချင်းပြည်နယ်မြောက်ပိုင်းတွင် အရေးပါသည့်ဖလမ်းမြို့ကို သိမ်းပိုက်ပြီး ရက် ၂၀ ကျော်အကြာတွင် တွန်းဇံမြို့ကို သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။
စာတည်း-ML
