ရခိုင်ပြည်နယ်တောင်ပိုင်းရှိ လတ်တလော တိုက်ပွဲပြင်းထန်နေသည့် ကျောက်ဖြူမြို့နယ်၊ စနဲမြို့ကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်မှုကြောင့် တစ်ရပ်ကွက်လုံး မီးလောင် ပျက်စီးခဲ့ကြောင်း ဒေသခံများက ဆိုသည်။
မေလ ၁၉ ရက် နေ့လယ်ပိုင်းတွင် စနဲမြို့၊ ရွှေဟင်္သာရပ်ကွက်ကို စစ်တပ်က လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
“အိမ်အလုံး ၁၀၀နီးပါး မီးလောင်ပြီးပြာကျသွားတယ်။ အဲဒီရပ်ကွက်တစ်ခုလုံးလောင်သွားတာလို့ ပြောလို့ရတယ်။ ပထမလောင်တုန်းကတော့ လူတွေက လေယာဉ်အန္တရာယ်ကြောင့် မီးကိုသွားမငြှိမ်း ရဲကြတော့ အကုန်လုံးလောင်သွားတာပေါ့”ဟု ဒေသခံတစ်ဦးက MPAသို့ပြောသည်။
အဆိုပါတိုက်ခိုက်မှုကြောင့် လူထိခိုက်မှုနှင့် ပျက်စီဆုံးရှုံးမှု အသေးစိတ်ကိုမူ မသိရသေးပေ။
ဗုံးကြဲတိုက်ခိုက်ခံရသည့် စနဲမြို့သည် လက်ရှိ AAနှင့် စစ်တပ်တို့ တိုက်ပွဲပြင်းထန်နေသည့် ကျောက် ဖြူမြို့နှင့် မိုင် ၂၀ခန့် အကွာတွင် တည်ရှိသည့် မြို့နယ်ခွဲဖြစ်သည်။
စစ်တပ်၏ လေကြောင်းနှင့် ရေကြောင်းက စစ်ရေး ဖိအားပေးခြင်းနှင့် စစ်ရေယာဉ်ပေါ်မှ လက်နက် ကြီးဖြင့် ပစ်ခတ်နေမှုများကြောင့် စနဲမြို့ခံများက ဘေးလွတ်ရာသို့ ထွက်ပြေး နေကြရသည်ဟု ဆိုသည်။
နောက်ထပ်ဒေသခံတစ်ဦးက”လူတွေ ထိခိုက်သေဆုံးမှုအခြေအနေကိုတော့ မသိရသေးဘူး။ စစ်တပ် နေဗီကနေ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေရှိနေတော့ ဒေသခံတွေက တိမ်းရှောင်နေကြတုန်းပါ”ဟု ဆိုသည်။
ကျောက်ဖြူမြို့နယ်တွင် စစ်တပ်နှင့် AAတို့ကြား တိုက်ပွဲပြင်းထန်နေပြီး အရေးနိမ့်နေသည့် စစ်တပ် က အရပ်သားနေအိမ်များကို ဗုံးကြဲတိုက်ခိုက်နေခြင်းဖြစ်သည်။
“စစ်တပ်က AA ထိန်းချုပ်ထားတဲ့နေရာတချို့ကိုပြန်ရဖို့ ရေကြောင်း၊ လေကြောင်း ဘက်စုံသုံး တိုက်ခိုက်လာတာတွေ့ရတယ်။ အခုလည်း စနဲမြို့ကို ဗုံးကြဲသွားတာ အရပ်သားပြည်သူတွေကို စိတ်ဓာတ်ပိုင်းဆိုင်ရာအရ အကြောက်တရားဖြစ်လာစေဖို့ လုပ်တာလို့ ထင်ပါတယ်” ဟု ရခိုင် မြောက်ပိုင်းတွင် နေထိုင်သူတစ်ဦးက ပြောသည်။
စစ်တပ်သည် မေလ ၁၃ ရက်ကလည်း ဂျက်ဖိုက်တာ နှစ်စင်းဖြင့် ကျောက်ဖြူမြို့နယ်၊ စနဲမြို့အနီး မျှောချောင်းကျေးရွာနှင့် စံပယ်ချောင်းကျေးရွာအနီးကို ဗုံးကြဲတိုက်ခိုက်ခဲ့သေးသည်။
ယင်းနေ့တွင်ပင် ကျောက်ဖြူမြို့နယ်ကို စစ်သင်္ဘောများမှ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကျောက်ဖြူဒေသခံတစ်ဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာရခဲ့ကြောင်းသိရသည်။
လက်ရှိတွင် ကျောက်ဖြူမြို့နယ်၊ တောင်မော်ဦးရေတပ်စခန်းအနီး၌ တိုက်ပွဲများပြင်းထန်နေပြီး စစ်တပ်က အင်အားဖြည့်ကာ AAထိန်းချုပ်ထားသည့် နေရာများကို ထိုးစစ်ဆင်လာနေသောကြောင့် စစ်ရေးအရှိန်မြင့်နေကြောင်း သိရသည်။
ပြီးခဲ့သည့် မေလ ၁၈ရက်နေ့ကလည်း တောင်မော်ဦးရေတပ် အနီးတွင် တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်သား အများအပြားသေဆုံးခဲ့သလို ဒဏ်ရာရ စစ်သား ၂၀ ခန့်ကိုလည်း ကျောက်ဖြူမြို့သို့ ပို့ဆောင်ခဲ့ ကြောင်း ကျောက်ဖြူဒေသခံတစ်ဦးကဆိုသည်။
ဓာတ်ပုံ-ပေးပို့
ပုံစာ -စစ်တပ် ဗုံးကြဲတိုက်ခိုက်မှုကြောင့် စနဲမြို့၊ ရွှေဟင်္သာရပ်ကွက် မီးလောင်ပြာကျနေပုံ။
စာတည်း-ကိုဆန်း
