ထိုင်းအစိုးရက ရက် ၆၀ ဗီဇာကင်းလွတ်ခွင့် ပယ်ဖျက်ပြီး ရက် ၃၀ ကို လျှော့ချ

Photo - Bangkok Post

Bangkok Post

ထိုင်းနိုင်ငံအတွင်း နိုင်ငံခြားသားအချို့၏ တရားမဝင်လုပ်ငန်းများနှင့် ဗီဇာဥပဒေအပေါ် အလွဲသုံးစားလုပ်မှုများကို ကာကွယ်ရန်အတွက် ထိုင်းအစိုးရအဖွဲ့သည် ယခင်က ခွင့်ပြုထားသည့် ရက် ၆၀ ဗီဇာကင်းလွတ်ခွင့်အစီအစဉ်ကို ပြန်လည်ရုပ်သိမ်းပြီး ရက် ၃၀ သို့ ပြန်လည်လျှော့ချရန် မေလ ၁၉ ရက်နေ့ အင်္ဂါနေ့က ကျင်းပသော အစည်းအဝေးတွင် သဘောတူ ဆုံးဖြတ်လိုက်သည်။

ယခုစည်းမျဉ်းသစ်အရ နိုင်ငံပေါင်း ၉၃ နိုင်ငံအတွက် ပေးထားသည့် သက်တမ်းကို ၂၀၂၄ ခုနှစ်ကအတိုင်း ရက် ၃၀ နှင့် ၁၅ ရက် သတ်မှတ်ချက်များသို့ ပြန်လည်ပြောင်းလဲမည်ဖြစ်သည်။ ထိုင်းနိုင်ငံ၏ အဓိက ခရီးသွားဈေးကွက်များဖြစ်သည့် တရုတ်၊ အမေရိကန်၊ ဥရောပနိုင်ငံအများစု၊ ဂျပန်၊ ရုရှားနှင့် အာဆီယံနိုင်ငံအများစု အပါအဝင် နိုင်ငံနှင့် နယ်မြေပေါင်း ၅၄ ခုမှ ခရီးသွားများသည် ဗီဇာမလိုဘဲ ရက် ၃၀ နေထိုင်ခွင့် ဆက်လက်ရရှိမည် ဖြစ်သော်လည်း၊ ယခင်က ဗီဇာကင်းလွတ်ခွင့်ရခဲ့သည့် အိန္ဒိယနိုင်ငံမှာမူ ယခုစာရင်းတွင် မပါဝင်တော့ဘဲ ဆိုက်ရောက်ဗီဇာလျှောက်ထားရမည့် စာရင်းသို့ ပြန်လည်ရောက်ရှိသွားသည်။

ထို့ပြင် နယ်စပ်ဖြတ်ကျော်ကာ ဗီဇာသက်တမ်းတိုးသူ(Visa Run)များကိုလည်း ထိုင်းအစိုးရက တင်းကျပ်စွာ ကန့်သတ်လိုက်သည်။ မူကြမ်းစည်းမျဉ်းအရ ခရီးသွားများသည် တစ်နှစ်လျှင် အများဆုံး ၂ ကြိမ်သာ ဗီဇာကင်းလွတ်ခွင့်ဖြင့် ဝင်ရောက်ခွင့်ရမည်ဖြစ်ပြီး၊ တတိယအကြိမ် ထပ်မံဝင်ရောက်ရန် ကြိုးပမ်းပါက ပြည်ဝင်ခွင့် ချက်ချင်းပိတ်ပင်ခံရမည်ဖြစ်သည်။ သို့သော်လည်း မလေးရှား၊ စင်ကာပူ၊ ဘရူနိုင်းနှင့် အင်ဒိုနီးရှား နိုင်ငံသားများကိုမူ ယခု Visa Run ကန့်သတ်ချက်မှ ကင်းလွတ်ခွင့် ပေးထားသည်။

ထိုင်းခရီးသွားလာရေးနှင့် အားကစားဝန်ကြီး ခွန်ဆူရာဆတ်က “အခုလို မူဝါဒကို ပြန်လည်ပြင်ဆင်ရတာဟာ ဗီဇာကင်းလွတ်ခွင့်ကို အသုံးချပြီး တရားမဝင် အလုပ်လုပ်ကိုင်တာတွေ၊ အွန်လိုင်းငွေလိမ်ဂိုဏ်း (Scam) တွေနဲ့ ရာဇဝတ်မှုတွေကို တားဆီးဖို့ဖြစ်ပြီး၊ ရေရှည်မှာ ထိုင်းနိုင်ငံရဲ့ ဘေးကင်းလုံခြုံမှုကို နိုင်ငံတကာခရီးသွားတွေအကြား ယုံကြည်မှု ပိုမိုခိုင်မာလာစေဖို့ ဖြစ်ပါတယ်” ဟု ပြောကြားသည်။

တစ်ဖက်တွင်လည်း ထိုင်းနိုင်ငံခရီးသွားကောင်စီ (TCT) ဒုတိယဥက္ကဋ္ဌ ခွန်ရာ့ချ်ဖွန်းက ထိုင်းအစိုးရ၏ ဥပဒေတင်းကျပ်မှုကို ကြိုဆိုခဲ့သော်လည်း တရားမဝင် နိုင်ငံခြားသား လုပ်ငန်းရှင်များ (အထူးသဖြင့် ဟိုတယ်နှင့် ရီစော့တ်များကို နေ့အလိုက် တရားမဝင် ပြန်လည်ငှားရမ်းပြီး အခွန်ရှောင်နေသူများ) ကြောင့် ပြည်တွင်းလုပ်ငန်းရှင်များ မတရားပြိုင်ဆိုင်မှု ကြုံတွေ့နေရသည်ကို ထိရောက်စွာ နှိမ်နင်းပေးရန် တောင်းဆိုခဲ့သည်။

၎င်းက ဆက်လက်၍ ထိုင်းနိုင်ငံတွင် ရေရှည်နေထိုင်လိုသူများ သို့မဟုတ် စီးပွားရေးအမှန်တကယ် လာရောက်ရင်းနှီးမြှုပ်နှံလိုသူများအတွက် ရှိနှင့်ပြီးသားဖြစ်သော ရေရှည်ဗီဇာများ (ဥပမာ – Destination Thailand Visa – DTV) ကို ပိုမိုလွယ်ကူစွာ လျှောက်ထားနိုင်ရန်နှင့် ဗီဇာကိစ္စများကို တစ်နေရာတည်းတွင် ဆောင်ရွက်နိုင်မည့် One-Stop Service များ ဖန်တီးပေးသင့်ကြောင်း အကြံပြုထားသည်။

ထိုင်းအစိုးရ၏ ယခုဗီဇာ ကန့်သတ်ချက် မူဝါဒသစ်သည် မကြာမီကာလအတွင်း တရားဝင် အသက်ဝင်လာတော့မည်ဖြစ်ကြောင်း သိရသည်။