မြန်မာစစ်တပ်ထံ ရေကြောင်းစောင့်ကြည့်ရေဒါများ ရောင်းချခဲ့သည့်ကုမ္ပဏီကို ပြင်သစ်အာဏာပိုင် တို့ စုံစမ်းစစ်ဆေးရန် တောင်းဆို

Justice For Myanmar
၂၀၁၆ ခုနှစ်အတွင်း KT/Ky-Tha ပိုင်ရှင် မိုးကျော်သောင်းနှင့် ဒုစစ်ခေါင်းဆောင် စိုးဝင်းတို့ လက်နက်ဝယ်ယူရေးခရီးစဥ်အတွင်း ပြစ်သစ်နိုင်ငံ၊ အီဖယ်မျှော်စင်သို့ သွားရောက်လည်ပတ်စဉ်။

ပြင်သစ်ကုမ္ပဏီကြီး Thales က မြန်မာစစ်တပ်ထံ ရေကြောင်းစောင့်ကြည့်ရေးရေဒါများ ရောင်း ချခဲ့ခြင်းနှင့်ပတ်သက်ပြီး ပြင်သစ်အာဏာပိုင်များအနေနှင့် စုံစမ်းစစ်ဆေးရန် Justice For Myanmar က တောင်းဆိုလိုက်သည်။

Justice For Myanmar ၏ အထောက်အထားများကို အသုံးပြုထားသော Disclose နှင့် Info Birmanie တို့၏ အစီရင်ခံစာသစ်တစ်ခုအရ ပြင်သစ်အစိုးရက တစ်စိတ်တစ်ပိုင်း ပိုင်ဆိုင်ထားသော နိုင်ငံစုံစီးပွားရေးလုပ်ငန်းကြီး Thales သည် ၂၀၁၇ ခုနှစ်မှ ၂၀၂၀ ခုနှစ်များအတွင်း မြန်မာစစ်တပ်ထံ Coast Watch 100 ရေကြောင်းစောင့်ကြည့်ရေး ရေဒါ ၆ လုံး ကို ထောက်ပံ့ရောင်းချပေးခဲ့ကြောင်း ထို့ကြောင့် မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် အီးယူ ပိတ်ဆို့မှုများကို ပြင်သစ်ကုမ္ပဏီကြီး Thales က ချိုး ဖောက်ခဲ့ဖွယ်ရှိကြောင်း Disclose နှင့် Info Birmanie တို့က ဖော်ထုတ်ပြီးနောက် JFM က တောင်းဆိုလိုက်ခြင်းဖြစ်သည်။

ယင်းရေဒါများကို ပြည်တွင်းဖိနှိပ်နှိမ်နင်းမှုများတွင် အသုံးပြုနိုင်သည့်အတွက် မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော ဥရောပသမဂ္ဂ(အီးယူ)၏ ကန့်သတ်ပိတ်ဆို့အရေးယူမှုများကို ချိုးဖောက်ရာရောက် နိုင်ကြောင်း အစီရင်ခံစာတွင် ဖော်ထုတ်ထားသည်ဟု သိရသည်။

ရိုဟင်ဂျာများအပေါ် မြန်မာစစ်တပ်၏ လူမျိုးတုံးသတ်ဖြတ်မှုစစ်ဆင်ရေး ပြုလုပ်ပြီးနောက်ပိုင်း Thales သည် ယင်းရေဒါများကို ယူရို ၁၆ သန်းဖြင့် ရောင်းချခဲ့ခြင်းဖြစ်ပြီး၊ အကျိုးအမြတ် ၃၀ မှ ၄၀ ရာခိုင်နှုန်းအထိ ရရှိခဲ့ကြောင်း သိရသည်။

ယင်းရေဒါများ၏ အဆင့်မြင့်ရေကြောင်းစောင့်ကြည့်ရေး စွမ်းရည်များကြောင့် ကမ်းရိုးတန်းဒေသ များရှိ ရိုဟင်ဂျာများ၏ လှုပ်ရှားသွားလာမှုကို ကန့်သတ်ရာတွင် အသုံးပြုနိုင်ခြင်း၊ ရေတပ်က လှေများကို ကြားဖြတ်တားဆီးခြင်းနှင့် ရိုဟင်ဂျာအရပ်သားများအား အကြောင်းမဲ့ဖမ်းဆီးခြင်းတို့ကို အထောက်အကူပြုခဲ့သည်ဟု JFM ကဆိုသည်။

Thales ၏ အဆိုပါအရောင်းအဝယ်ကို ကျော်သောင်းမိသားစုပိုင် Ky-Tha Trading က ကြားခံပွဲစား အဖြစ် ဆောင်ရွက်ပေးခဲ့ကြောင်း၊ကျော်သောင်းမိသားစုသည် မြန်မာစစ်တပ်နှင့် နက်ရှိုင်းသော ဆက်နွှယ်မှုများရှိသည့် KT Group နှင့် Ky-Tha Group စီးပွားရေးလုပ်ငန်းစုကြီးနှစ်ခုကို လည်ပတ် လျက်ရှိကြောင်း သိရသည်။

ယင်းစီးပွားရေးလုပ်ငန်းစုများသည် မြန်မာစစ်တပ်အတွက် လက်နက်နှင့် ဆက်စပ်စစ်သုံးပစ္စည်းများ ရောင်းဝယ်ရေးကို ကြားခံဆောင်ရွက်ပေးနေခြင်းများကြောင့် ၎င်းတို့သည် မြန်မာစစ်တပ်၏ ရက်စက်ကြမ်းကြုတ်သော ရာဇဝတ်မှုကြီးများတွင် ကြံရာပါအဖြစ် ပါဝင်ပတ်သက်နေသည်ဟု JFM ကဆိုသည်။

တရားမဝင်စစ်အုပ်စုထံ အခွန်ဝင်ငွေနှင့် စစ်လက်နက်များ စီးဆင်းနေမှုကို တားဆီးရန်အတွက် KT Group နှင့် Ky-Tha Group တို့အပြင် ၎င်းတို့၏ဒါရိုက်တာများနှင့် ရှယ်ယာရှင်များအပေါ် ပစ်မှတ်ထားဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ရန်လည်း JFMက တောင်းဆိုသည်။

အမေရိကန်အစိုးရသည် ၂၀၂၂ ခုနှစ်တွင် KT Group ဥက္ကဋ္ဌ ဂျိုနသန်မျိုးကျော်သောင်း နှင့် KT Services & Logistics ကုမ္ပဏီတို့အပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ခဲ့သော်လည်း ၃နှစ်အကြာတွင် ယင်းစာရင်းမှ ပြန်လည်ပယ်ဖျက်ပေးခဲ့ကြောင်း သိရသည်။

သို့သော် Disclose ၏ ယခုအသစ်ထုတ်ပြန်လိုက်သည့် အချက်အလက်များနှင့် KT Group ၏ လူသတ်စစ်အုပ်စုနှင့် ဆက်လက်စီးပွားဆက်ဆံနေမှုများကို ထည့်သွင်းစဉ်းစားပါက အမေရိကန်အနေဖြင့် ယင်းဒဏ်ခတ်ပိတ်ဆို့မှုများကို ပြန်လည်ချမှတ်သင့်ကြောင်း၊ ထို့ပြင် အီးယူ၊ ဗြိတိန်၊ ကနေဒါ၊ အမေရိကန်နှင့် ဩစတြေးလျနိုင်ငံတို့အနေဖြင့်လည်း KT/Ky-Tha ကွန်ရက် တစ်ခုလုံးအပေါ် ညှိနှိုင်းဆောင်ရွက်ထားသော ပစ်မှတ်ထားဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ရန် လိုအပ်နေကြောင်း JFM ကပြောသည်။

Thales သည် ပြင်သစ်နိုင်ငံတွင် အခြေစိုက်ထားပြီး၊ ပြင်သစ်အစိုးရသည် Thales ၏ အကြီးဆုံးရှယ်ယာရှင်ဖြစ်သည့်အတွက် ပြင်သစ်အာဏာပိုင်များတွင် အရေးယူဆောင်ရွက်ရန် ပိုမိုကြီးမားသော တာဝန်တစ်ရပ်ရှိနေသည်ဟုလည်း JFM ကဆိုသည်။

စာတည်း-ML