ခရစ်ယာန်ဘုရားကျောင်း ဖျက်ဆီးသူများကို AA ဟု တံဆိပ်ကပ်ထားသော သတင်းအမှား

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ကြိမ်ချောင်းရွာရှိ ခရစ်ယာန်ဘုရားကျောင်းကို AA အဖွဲ့ ဖျက်ဆီးဟုဆိုကာ စစ်တပ်လော်ဘီများက ဘာသာရေးပဋိပက္ခဖြစ်စေရန် ရည်ရွယ်၍ သတင်းအမှား ဖြန့်နေကြသည်။

“မှိုင်းဝေ” တယ်လီဂရမ်ချန်နယ်က မေ ၁၉ ရက် နံနက် ၇ နာရီ ၄၈ မိနစ်တွင် ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ကြိမ်ချောင်းကျေးရွာရှိ ခရစ်ယာန်ဘုရားကျောင်းကို AA အဖွဲ့ က ဖျက်ဆီးခဲ့ကြောင်း၊ ခရစ်ယာန်ဘာသာရေးဆရာများကိုလည်း ရိုက်နှက်ဖမ်းဆီးသွားကြောင်း ရုပ်သံဖိုင်နှင့်တကွ ဖြန့်ဝေခဲ့သည်။

အဆိုပါ “MDY image,ဖိုးမောင်” အပါအဝင် အခြား စစ်တပ်ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များက ကူးယူဖော်ပြခဲ့သဖြင့် ပျံ့နှံ့မှုများနေသည်။

မူရင်းသတင်းအမှားလင့်ခ် – https://archive.ph/0piHZ
MDY image – https://archive.ph/6FgL9
ဖိုးမောင် – https://archive.ph/X1fCf

အထက်တွင် ပျံ့နှံ့နေသော အကြောင်းအရာများနှင့် ပတ်သက်၍ Myanmar Fact-Checking Network ၏ အဖွဲ့ဝင်ဖြစ်သော MPA က အချက်အလက် စစ်ဆေးကြည့်ရာ သတင်းအမှားဖြစ်ကြောင်း တွေ့ရှိခဲ့သည်။

သတင်းစိစစ်ချက်

တယ်လီဂရမ်တွင် ပျံ့နှံ့နေသော ရုပ်သံဖိုင်ကို Invid Video Tool ဖြင့် စစ်ဆေးပြီး ရရှိလာသော Keyframe ကို Google Lens သုံး၍ ရှာဖွေကြည့်သည့်အခါ “Zalen” မီဒီယာက ဖော်ပြထားသော ရုပ်သံဖိုင်နှင့် ထပ်တူညီနေသည်။

Zalen တွင် အာရက္ခတပ်တော်(AA) ထိန်းချုပ်ထားသည့် ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ယိုးချောင်းဒေသ၊ ကြိမ်ချောင်းကျေးရွာရှိ ခရစ်ယာန်ဘုရားကျောင်းသည် မေလ ၁၆ ရက်နေ့တွင် ဖျက်ဆီးခံခဲ့ရကြောင်း၊ ဘုရားကျောင်းကို ကျေးရွာအတွင်း နေထိုင်သူအချို့က ဖျက်ဆီးခဲ့တာဖြစ်ကြောင်း၊ ဘုရားကျောင်းဖျက်ဆီးခံရသည့် အကြောင်းအရင်းကို မသိရှိရသေးကြောင်း၊ ဘုရားကျောင်း ဖျက်ဆီးခံရမှု ဖြစ်ပွားခဲ့သဖြင့် ဒေသခံပြည်သူများအကြား စိုးရိမ်ပူပန်မှုတွေ မြင့်တက်နေကြောင်း ဖော်ပြထားသည်။

အပြည့်အစုံကြည့်ရန် >>> https://bitly.cx/6ra3

အကြောင်းအရာနှင့် ပတ်သက်၍ Google တွင် “ကြိမ်ချောင်းရွာ ခရစ်ယာန်ဘုရားကျောင်း ဖျက်ဆီးခံရ” ဆိုသည့် စကားလုံးဖြင့် စစ်ဆေးကြည့်ရာ “Khumiland News, The Voice of Chinland” တို့က သတင်း ဖော်ပြထားသည်။

သတင်းမီဒီယာများတွင် မေလ ၁၅ ရက် ညနေပိုင်းက ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ယိုးချောင်း ဒေသ ကြိမ်ချောင်းရွာရှိ သတ္တမနေ့အသင်းတော် ခရစ်ယာန်ဘုရားကျောင်း ဆိုင်းဘုတ် ဖြိုချဖျက်ဆီးခံရပြီး ဓမ္မဆရာကိုလည်း ရွာတွင်မနေဖို့ ခြိမ်းခြောက်ခံနေရကြောင်း၊ ကြိမ်ချောင်းကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင် အပါအဝင် ရွာသူရွဦသား ၁၅ ဦး ဝန်းကျင်ခန့်က အသင်းတော်ခြံဝင်းအတွင်း အုပ်စုလိုက်ဝင်ရောက် ကာ ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း၊ ကြိမ်ချောင်းကျေးရွာတွင် အိမ်ခြေ ၉၀ နှင့် လူဦးရေ ၄၅၀ ခန့် နေထိုင် ကြပြီး ခရစ်ယာန်ဘာသာဝင် ၂၀ ဦးခန့် ရှိကြောင်း၊ ယိုးချောင်းကျေးရွာတွင် သတ္တမနေ့ အသင်းသူတစ်ဦးက ကိုယ်ပိုင်ငွေကြေးဖြင့် ခြံမြေဝယ်ယူကာ အသင်းတော်အတွက် လှူဒါန်းခဲ့ပြီး အဲဒီခြံမြေတွင် သင်းအုပ်ဆရာ နေအိမ်ဆောက်လုပ်ပြီး ဝတ်ပြုကိုးကွယ်မှု ပြုလုပ်ခဲ့သည်မှာ တစ်နှစ်ခန့် ရှိပြီဖြစ်ကြောင်း ဖော်ပြထားသည်။

အပြည့်အစုံကြည့်ရန် >>>

Khumiland News – https://bitly.cx/k6Cj
The Voice of Chinland – https://bitly.cx/Tl3xp

သုံးသပ်ချက်

သတင်းမီဒီယာများတွင် ကျောက်တော်မြို့နယ်၊ ကြိမ်ချောင်းကျေးရွာရှိ ဘုရားကျောင်းဆိုင်းဘုတ်ကို ကျေးရွာနေထိုင်သူအချို့က ဖြိုချဖျက်ဆီးခဲ့ပြီး ဓမ္မဆရာကိုလည်း ကျေးရွာအတွင်း မနေထိုင်ရန် ဖိအားပေးခြိမ်းခြောက်နေကြောင်း ဖော်ပြထားသည်။

ဖျက်ဆီးခဲ့သူများမှာ ကြိမ်ချောင်းကျေးရွာ အုပ်ချုပ်ရေးမှူးအပါအဝင် ရွာသူရွာသား ၁၅ ဦးခန့် ဖြစ်ကြောင်း ဖော်ပြထားသည်။

ထို့ကြောင့် စစ်တပ်လော်ဘီ တယ်လီဂရမ်ချန်နယ်များတွင် ပျံ့နှံ့နေသော “ခရစ်ယာန်ဘုရားကျောင်းကို AA အဖွဲ့ ဖျက်ဆီး” ဟု ဖြန့်နေခြင်းသည် ဘာသာရေးပဋိပက္ခဖြစ်စေရန် ရည်ရွယ်၍ သတင်းအမှား ဖြန့်နေခြင်းဖြစ်သည်။

ဆိုရှယ်မီဒီယာများတွင် ပျံ့နှံ့နေသောအကြောင်းအရာများအား သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်း အဆင့်ဆင့် အတည်ပြုဖော်ပြနေသော သတင်းမီဒီယာများ၌ ရှာဖွေဖတ်ရှုသင့်သည်။

Editor – Wazza