ပဲခူးတိုင်းအတွင်း စစ်တပ် သတ်ဖြတ်မှုကြောင့် အမျိုးသမီး ၄၀ အသက်ဆုံးရှုံးခဲ့

ဓာတ်ပုံ- ပဲခူးအနောက်ရိုးမ ဗျူဟာ-၂၂
ပုံစာ-နတ်တလင်းမြို့နယ်အတွင်းရှိ စစ်ရှောင်ပြည်သူများကို ထောက်ပံ့ပေးနေစဉ်။

ပဲခူးတိုင်း၌ ယခုနှစ်အတွင်း စစ်အုပ်စု သတ်ဖြတ်မှုကြောင့် အမျိုးသမီး၄၀ သေဆုံးခဲ့ကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPPက သတင်းထုတ်ပြန်သည်။

၂၀၂၆ခုနှစ်၊ ဇန်နဝါရီတစ်ရက်မှ ယနေ့(မေလ၂၀ရက်)အထိ ပဲခူးတိုင်း၌ အမျိုးသမီး၄၀နှင့် အမျိုးသား ၄၂ဦး အသက်ဆုံးရှုံးခဲ့သည်ကို အမည်နှင့်တကွ အတည်ပြုနိုင်ခဲ့ကြောင်း သိရသည်။

“အခုလတ်တလော ထင်သာမြင်သာရှိနေတာက နတ်တလင်းမှာ စစ်ကြောင်းထိုးနေလို့ ပြည်သူတွေ ထွက်ပြေးနေရတာ တစ်လခွဲလောက်ရှိနေပြီ။စစ်ကြောင်းနဲ့တိုးရင် သက်ကြီးရွယ်အိုလည်း သေဖို့ များတော့ မိုးရွာရွာ နေပူပူ ပြေးရတာပဲ”ဟု နတ်တလင်းမြို့၊ရွာမရပ်ကွက်သားတစ်ဦးက MPAသို့ပြော သည်။

ယင်း၈၂ဦးထဲတွင် အသက်၂နှစ်အရွယ် ယောက်ျားလေး ၂ဦးအပါအဝင် အသက် ၁၈ နှစ်အောက် ကလေး ၂၅ ဦး ပါဝင်သည်။

သေဆုံးသူများအနက် ၃၇ဦးမှာ စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ဖြစ်ကြောင်းနှင့် အဆိုပါကာလအတွင်း ၎င်းဒေသ၌ အတည်ပြုရန်လိုအပ်နေဆဲ သေဆုံးအရပ်သား ၂၄ဦး၏ စာရင်းကိုလည်း သီးခြားကောက်ယူ စုဆောင်းပြီး အတည်ပြုနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း AAPPက ဆိုသည်။

မေလ ၇ ရက်နေ့တွင် ပဲခူးတိုင်း၊ ဖြူးမြို့နယ်နှင့် ထန်းတပင်မြို့နယ်ရှိ ကျေးရွာများကို စစ်အုပ်စုက ဂျက်ဖိုက်တာများဖြင့် လေကြောင်းမှ ဗုံးကြဲချတိုက်ခိုက်ခဲ့ရာ ဖြူးမြို့နယ်၊ သစ်ချောက်ခင်ကျေးရွာ အတွင်းရှိ ကိုမျိုးမင်းဦးနှင့် ကိုသန်းဇော်တို့ ၂ဦး ဗုံးစထိမှန်ကာ သေဆုံးခဲ့သည်။