By Bala / MPA
ရှမ်း-ကရင်နီနယ်စပ် ၊ ဖယ်ခုံအင်းအရှေ့ဘက်ကမ်းရှိ ကျေးရွာများမှ ဒေသခံအမျိုးသမီးများကို PNOနှင့် စစ်ကောင်စီပေါင်းကာ ခြိမ်းခြောက်ပြီး အဓမ္မပြုကျင့်နေကြောင်း ဒေသခံများထံမှ စုံစမ်း သိရသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၁၅ရက်နေ့ကစပြီး စစ်ကောင်စီနှင့် ပအို့ဝ်ပြည်သူ့စစ်(PNO)ပူးပေါင်းကာ ဖယ်ခုံအင်းအရှေ့ဘက်ကမ်းရှိ ဆောင်နန်းခဲ ၊ လွယ်ပေါ ၊ နန်းပေါ်လုံ၊ နမ်းစုမ့်၊ ပိန္နဲကုန်း၊ ရေပူ၊ ညောင်လေးပင်၊ နန်းတုတ်၊ ကုန်းသာ၊ တောင်ပို့ကွဲ၊ ဟိုပန် (ရှေ့)၊ ဟိုပန် (နောက်)၊ လဟယ်၊ မခေခမ်း၊ တောင်ပို့ကြီး စသည့် ကျေးရွာ ၁၅ ရွာရှိ ဒေသခံများကို ခြိမ်းခြောက်အကြမ်းဖက်မှုများ ပေါ်ပေါ်ထင်ထင်ပြုလုပ်လာခဲ့ကြောင်း ဖယ်ခုံအင်းအရှေ့ဖက်ကမ်းနေ ဒေသခံအမျိုးသမီးတစ်ဦးက MPAသို့ ပြောသည်။
“အခုက ရေပူကနေ တောင်ဘက် ဆင်ဖြူရွာအထိကို PNOတွေပဲအုပ်ချုပ်နေကြတာပေါ့။ ဆင်ဖြူကနေ တောင်ဘက်မိုးဗြဲပိုင်းမှာပဲ စစ်သားတွေရှိတယ်။ အခု ဒီကောင်တွေက အပျိုမတွေဆို လစ်ရင်လစ်သလို အနည်းဆုံးပါးစပ်နဲ့ ပြောတာကနေ မုဒိန်းကျင့်တဲ့အထိ လုပ်လာတာ။ ဒါကို တစ်ယောက်ယောက်ကို ပြောတာနဲ့ သတင်းပြန့်တာနဲ့ သတ်ပစ်မယ်ဆိုပြီး ခြိမ်းခြောက်ထားတာ”ဟု ၎င်းကပြောသည်။
ယခုလအတွင်း ပအို့ဝ်ပြည်သူ့စစ်(PNO)၏ တပ်ဖွဲ့ဝင်များက ဖယ်ခုံအင်းအရှေဘက်ကမ်းရှိ ကျေးရွာ ၂ခုမှ အမျိုးသမီး ၄ဦးထက်
မနည်းကို အတင်းအဓမ္မပြုကျင့်ခဲ့ကြောင်း ခိုင်မာသည့် သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
ထို့ပြင် ဖယ်ခုံအင်းအရှေ့ဘက်ကမ်းရှိ ဒေသခံအချို့မှ အကျိုးစီးပွါးအရ PNOနှင့် ပူးပေါင်းကာ ဒေသတွင်း ဖိနှိပ်မှုများလုပ်ဆောင်နေသည်တွေ့ရှိရပြီး သတင်းပေါက်ကြားမှုမရှိစေရန် လက်နက်ဖြင့် ခြိမ်းခြောက်ကာသတင်းအမှောင်ချထားကြောင်း ၎င်းကပြောသည်။
“အဲ့ဒီမှာလိုင်းက အမြဲမရတာရယ်၊ နဂိုကတည်းက ရိုးရိုးကြီးတွေဆိုတော့ ရှက်လို့ မပြောကြတာကို အခွင့်ကောင်းယူပြီး ထိကပါးရိကပါးကနေ ပေါ်တင်လုပ်နေကြတာ။ PNOက ယုတ်မာလို့ ဗိုက်ကြီးနေတဲ့ ကောင်မလေးတစ်ယောက်ပါရှိတယ်။ လူမသိသူမသိဖြစ်နေတာတွေ အများကြီးပေါ့”ဟု ၎င်းကပြောသည်။
ပြီးခဲ့သည့် ဇူလိုင် ၉ရက်မှ စတင်ကာ ဖယ်ခုံအင်းအရှေ့ဘက်ကမ်းရှိ ဒေသခံများကို စစ်ရှောင်နိုင်ရန်အတွက် ကူညီမှုများ လုပ်ဆောင်ပေးသော်လည်း စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်သောကြောင့် ဒေသခံတစ်ထောင်ကျော်သည် စစ်ဘေးမရှောင်နိုင်ဘဲ ပိတ်မိနေကြောင်း Karenni Hopeအဖွဲ့ တာဝန်ခံ ကိုလွှမ်းက ပြောသည်။
“အခုက PNOတွေနဲ့ပေါင်းနေကြတယ်ကြားတယ်။ တချို့ကြတော့လဲ PNOတွေက ပစ္စည်းလာယူဆိုပြီး လမ်းဖွင့်ပေးတယ်၊လမ်းဖွင့်ပေးပြီးတော့ လာတဲ့အချိန်ကြရင် ပြန်မလွှတ်တော့ဘူး၊ အဲ့ဒါမျိုးတွေလဲ ခဏခဏကြားရတယ်။စိုက်ပျိုးထားတဲ့ စပါးတွေအတွက် ပြန်နေကြတာတွေလည်းများတယ်”ဟု ကိုလွှမ်း ကပြောသည်။
အချို့ဒေသခံများသည် စစ်ကောင်စီလက်အောက်တွင် မနေလိုသည့်အတွက် ၁၅ရက်ကြာ ခြေလျင်ခရီးဖြင့် ကူညီကယ်ဆယ်ရေးလုပ်ဆောင်သူများထံသို့ စစ်ဘေးရှောင်သူများလည်းရှိနေသည်။
လက်ရှိ PNO ထိန်းချုပ်နေသည့် ဖယ်ခုံအင်းအရှေ့ဘက်ကမ်းတွင် ဒေသခံများအနေဖြင့် နေရာရွှေ့ပြောင်းခွင့်မရှိသည့်အပြင် အင်တာနက်အသုံးပြုခွင့်များကို ပိတ်ပင်ထားသည့်အတွက် လူအခွင့်အရေးဆုံးရှုံးမှုများကို နေ့စဉ်ကြုံတွေ့နေရကြောင်း MPAက သိရသည်။
စာတည်း-ကိုဆန်း
