စစ်ဆင်ရေးများတွင် အသုံးပြုရန် ကျပ်သိန်း၁၅၀၀ ကနဦး ထောက်ပံ့ခဲ့ကြောင်း စစ်ကိုင်းဖက်ဒရယ် ယူနစ်ကြားကာလအစိုးရက သတင်းထုတ်ပြန်သည်။
စစ်ကိုင်းဖက်ဒရယ်ယူနစ်ကြားကာလအစိုးရက ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ စစ်ကိုင်းတိုင်းစစ် ဌာနသို့ စစ်ဆင်ရေးများတွင် အသုံးပြုရန် မေ၂၁ရက်က ကနဦး ထောက်ပံ့ကူညီခဲ့ကြောင်း သိရသည်။
“လက်ရှိမှာ စည်းစနစ်တကျရှိတဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်ကို ထူထောင်လိုက်နိုင်ပြီဖြစ်ပေမဲ့ PDFတွေအတွက် ချို့တဲ့နေဆဲကတော့ ရန်ပုံငွေပါပဲ။ ကျည်ဆန်တစ်တောင့်ကို အနည်းဆုံး ၇၀၀၀ ကျော်ရှိနေတာဆိုတော့ တိုက်ပွဲတစ်ပွဲဖော်ဆောင်ဖို့ကိုတောင် စိန်ခေါ်မှုကြီးနေတာ ဘဏ္ဍာငွေ အားနည်းချက်ပါပဲ။ ဘက်ပေါင်းစုံကနေ စစ်ဆင်ရေးအတွက် ဝိုင်းဝန်းပံ့ပိုးပေးနိုင်ကြဖို့ လိုပါမယ်”ဟု ခင်ဦးမြို့နယ်အခြေစိုက် ပကဖ ရဲဘော်တစ်ဦးက MPAသို့ပြောသည်။
စစ်ကိုင်းဖက်ဒရယ်ယူနစ်ကြားကာလအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးစိုးဦး ဦးဆောင်ပြီး စစ်ကိုင်းဖက် ဒရယ်ယူနစ် ကာကွယ်ရေးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီးနှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးတို့သည် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ စစ်ကိုင်းတိုင်းစစ်ဌာနမှ ဒု-တိုင်းကွပ်ကဲရေးမှူး ဦးဆောင်သော စစ်ဖက်ဆိုင်ရာ တာဝန်ရှိသူများနှင့် မေလ၂၁ရက်က တွေ့ဆုံခဲ့ကြသည်။
မေလ၁၈ရက်တွင် စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလအစိုးရ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဌာနနှင့် ခရိုင်၊မြို့နယ် အသီးသီးက ဘဏ္ဍာရေးတာဝန်ခံများ၊ အခွန်တော်အရာရှိများပါဝင်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်ပြီးနောက် အထက်ပါအတိုင်း ထောက်ပံ့ခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင် စစ်ကိုင်းတိုင်းအတွင်းရှိ ကနီနှင့် ဘုတလင်မြို့နယ်တို့သို့ စစ်တပ်က အင်အားအများအ ပြားဖြင့် စစ်ကြောင်းထိုး တိုက်ခိုက်လျက်ရှိသည်။
စာတည်း-ML
