တစ်ပတ်အတွင်း စစ်မှုထမ်းတပ်သား ၁၅ဦး အလင်းဝင်လာကြောင်း ပခုက္ကူမြို့နယ် ပကဖ လက်နက်ကြီးတပ်ဖွဲ့ COBRA ONE တပ်ဖွဲ့ထံက သိရသည်။
မေလ၂၂ရက်မှ ၂၈ရက်အတွင်း အလင်းဝင်ခဲ့ကြခြင်းဖြစ်ပြီး လက်နက်များ ပါမလာကြကြောင်း သိရသည်။
“အဲဒီ ၁၅ ယောက်လောက်က ဒီလထဲမှာပဲ ရခိုင်ပြည်နယ်ဘက်ကို ပို့မယ်ဆိုပြီးတော့ ကလေးတွေက ပြေးလာကြတာပေါ့။ ဒီလထဲမှာပဲ အခုရက်ပိုင်းမှာပဲ။ ရက်ပိုင်းတွေပါပဲ။ ကျနော်တို့ ရထားတာပေါ့ နော်။ လက်နက်တွေကတော့ မပါကြပါဘူး။ နေရပ်မပြန်ဘဲ ကျနော်တို့နဲ့ ပူးပေါင်းပြီး တိုက်မယ်ဆိုတဲ့ ရဲဘော်တော့ မရှိပါဘူး။ မိသားစုလေးတွေနဲ့ ပြန်တွေ့ချင်တယ်။ ကွဲကွာနေရတာ နှစ်ချီကြာနေတဲ့ အတွက် ပြန်ချင်တယ်ပေါ့”ဟု COBRA ONE တပ်ဖွဲ့မှ တာဝန်ခံ ဗိုလ်မြွေဟောက်က MPA သို့ပြော သည်။
အလင်းဝင်လာသည့် စစ်မှုထမ်းတပ်သားများသည် ပဲခူးတိုင်း ၊ ကရင်ပြည်နယ် ၊ နေပြည်တော် ၊ မုံရွာနှင့် ပခုက္ကူမြို့နယ်တို့တွင် ပေါ်တာဆွဲခံခဲ့ရကြောင်း သိရသည်။
“ပေါ်တာဆွဲခံရတာကများတယ်။ နေအိမ်ထဲမှာဝင်ပြီးတော့ အဖမ်းခံရတာတွေလည်း ရှိတယ်ပေါ့ဗျာ။ တစ်အိမ်ထဲမှာ ၂ ယောက်ပါလာတာတွေရော ရှိတယ်။ လုံးဝ အသနားခံပြီးတော့ တစ်အိမ်ထဲမှာ ၂ ယောက်မခေါ်ပါနဲ့ တစ်ယောက်ပဲခေါ်ပါလို့ပြောတာကို မရတဲ့ဟာတွေရော ရှိတယ်ပေါ့နော်”ဟု ၎င်းကဆက်လက်ပြောသည်။
PDF ထံ စစ်မှုထမ်းတပ်သားများ အလင်းဝင်ပါက PDF များက သတ်မည်ဆိုသည့် စစ်တပ်ဝါဒမှိုင်း များကို မယုံဘဲ အလင်းဝင်ကြရန်လည်း ၎င်းကတိုက်တွန်းထားသည်။
“တိုက်ပွဲမှာ ကျနော်တို့သွားတဲ့အခါမှာ မှတ်တမ်းတွေပေါ့ဗျာ။ မီးရှို့တဲ့ မှတ်တမ်းတွေ ၊ ပြည်သူလူထု ကို ရက်ရက်စက်စက် သတ်တာတွေကို ဒီကလေးတွေကို ပြကြည့်တော့ အဲဒါတွေကို သူတို့မှာ လုံးဝမသိဘူးတဲ့။ စစ်ကြောင်းထွက်ရင် ဘယ်ထွက်မယ်လို့လည်း မသိဘူးပေါ့ဗျာ။ ရက်ရက်စက်စက် သတ်တာတွေရော ၊ မီးရှို့တာတွေရော ကလေးတွေက မသိဘူးလို့ပြောတယ်။ တပ်တွင်းထဲမှာ သူတို့က ဝါဒမှိုင်းဖြန့်ထားတော့ကျတော့ PDF တွေလုပ်တယ်လို့ပဲ ပြောတယ်တဲ့”ဟု ၎င်းကဆိုသည်။
ယင်းအလင်းဝင်တပ်သားများထဲမှ အချို့ကို ၎င်းတို့၏ နေရပ်ကို ပြန်လည်ပို့ဆောင်ပေးပြီးကြောင်း လည်း သိရသည်။
မေလ ၂၈ ရက်၌ ပခုက္ကူ တပ်မ ၁၀၁ လက်အောက်ခံ ခလရ ၂၅၂ တပ်တွင် တာဝန်ထမ်းဆောင်နေ သည့် စစ်မှုထမ်း တပ်သားသစ် ပြည့်စုံ (ပစ-၂၀၃၁၈၆) အလင်းဝင်လာကြောင်း သိရသည်။
စာတည်း-ML
