မင်းကင်းအဖွဲ့များနှင့် SRF သဘောတူညီချက်ရရှိပြီဟု ထုတ်ပြန်၊ ပြစ်မှုကင်း SRFရဲဘော်များ NUG ဦးဆောင်မှုအောက်တွင် တော်လှန်ရေး ဆက်လုပ်သွားမည်ဟုဆို

ပဋိပက္ခဖြစ်ပွားနေသော ဘက်၂ဘက်ကြား သဘောတူညီမှုရရှိပြီဖြစ်ကြောင်း မင်းကင်းမြို့နယ်ပြည် သူ့အုပ်ချုပ်ရေးအဖွဲ့နှင့် ကျောင်းသားတော်လှန်ရေးတပ်-SRFတို့က ယနေ့ (မေလ ၂၉ရက်) ပူးတွဲထုတ်ပြန်လိုက်သည်။

မေလ ၂၈ရက်၊ ညနေ ၆နာရီ ၂၀မိနစ်ခန့်တွင် မင်းကင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ ပြည်သူ့ ကာကွယ်ရေးအဖွဲ့၊ ကလေးခရိုင်တပ်ရင်းများမှ တာဝန်ရှိသူများနှင့် ကျောင်းသားတော်လှန်ရေးတပ်-SRFမှ ဥက္ကဌ ကိုစံတင်ထွန်းအပါအဝင် ဒုခေါင်းဆောင်၊ နိုင်ငံရေးဌာနတာဝန်ခံနှင့် အဖွဲ့များသည် မြို့နယ်တွင်းမြေပြင်တစ်နေရာ၌ ‌တွေ့ဆုံဆွေးနွေးညှိနှိုင်းကာ သဘောတူညီချက်ရရှိခဲ့ကြောင်း ပူးတွဲ ထုတ်ပြန်ထားသည်။

တွေ့ဆုံညှိနှိုင်းမှုတွင် မင်းကင်းမြို့နယ်အဖွဲ့များက လက်ရှိဖမ်းဆီးထိန်းသိမ်းထားသည့် SRF ရဲဘော် များအနက် ပြစ်မှုကျူးလွန်ခြင်းမရှိသော ရဲဘော်များအား ပြန်လွှတ်ပေးရန်၊ အမှုဖွင့်တိုင်ကြားခံထား ရသည့် SRF ရဲဘော်များအား NUG၏ ဥပဒေဘောင်အတွင်းမှ ဖြေရှင်းသွားရန်နှင့် SRFတပ်မှ ပြစ်မှု ကျူးလွန်ထားခြင်းမရှိသော ရဲဘော်များအနေဖြင့် NUG အစိုးရ၏ COC အောက်ဝင်ရောက်၍ တော်လှန်ရေး ဆက်လက်လုပ်သွားရန်ဆိုသည့် အချက် ၃ချက်ကို သဘောတူညီခဲ့ကြကြောင်း သိရသည်။

“အခုလို စစ်တပ်ဘက်က နေရာအနှံ့စစ်ကြောင်းထိုးမောက်မာနေတဲ့အချိန်မှာ မိတ်ဖက်ချင်းပဋိပက္ခ မြန်မြန်ဆန်ဆန်ပြီးသွားတာ ဝမ်းသာစရာပါပဲ။ သဘောတူညီချက်ကို နှစ်ဖက်စလုံးတင်မကဘဲ တော် လှန်ရေးအင်အားစုများကပါ အခိုင်အမာ လေးစားလိုက်နာကြဖို့ သိပ်အရေးကြီးပါတယ်။ဆန္ဒစွဲအပေါ် အခြေခံပြီး မလိုလားအပ်တဲ့ ပြောဆိုမှုတွေ မလုပ်မိကြဖို့ သိပ်အရေးကြီးပါတယ်”ဟု မုံရွာအခြေစိုက် တက်ကြွလှုပ်ရှားသူတစ်ဦးက MPAသို့ပြောသည်။

SRFတပ်တော်နှင့် မင်းကင်းမြို့နယ်အဖွဲ့အစည်းများ၏ ပဋိပက္ခသည် SRF တပ်တော်ကို ဖြိုခွဲခြင်း မဟုတ်ဘဲ ပြည်သူများက အမှုဖွင့်တိုင်ကြားထားသည့် အမှုများအရ ကျူးလွန်သူများကို ဥပဒေအ တိုင်း ဆောင်ရွက်ကြခြင်းသာဖြစ်ကြောင်း တော်လှန်ရေးအဖွဲ့အစည်း ၂ခုကြား ပြဿနာများ ပိုမိုကြီး ထွားစေရန် ရည်ရွယ်ချက်ဖြင့် လှုံ့ဆော်ရေးသား ထုတ်ပြန်နေကြသည့် အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ် များ၏ ရေးသားဖြန့်ဝေခြင်းသည် အဖွဲ့အစည်း၂ခု၏ အာဘော်မဟုတ်ဘဲ ၎င်းတို့၏ ထင်မြင်ယူဆ ချက်များသာ ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

၂ဖက်တော်လှန်ရေးအဖွဲ့အစည်း၏ ညီညွှတ်ရေးကို ရှေးရှု၍လည်းကောင်း၊ တော်လှန်ရေးတစ်စုံလုံး၏ ညီညွတ်မှုကို ရှေးရှု၍လည်းကောင်း ညီညွတ်ရေးပြိုကွဲစေမည့် ထုတ်ပြန်ချက်များ၊ အရေးအသားများ ဆက်လက်ထုတ်ပြန်ရေးသားခြင်း မပြုရန်လည်း မေတ္တာရပ်ခံထားသည်။

မိမိတို့သည် NUGအစိုးရကို နိုင်ငံတော်အစိုးရအနေဖြင့် အသိအမှတ်ပြုလက်ခံထားပြီး မင်းကင်းမြို့ နယ်အတွင်း တော်လှန်ရေးလုပ်ငန်းများတွင် ဆက်လက်ပူးပေါင်းလုပ်ဆောင်သွားမည်ဟုလည်း ပူးတွဲ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

စာတည်း-ML