ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ် အုမ္မသီးကျေးရွာမှာ စစ်လက်နက်အကြွင်းအကျန်နှင့် မြေမြုပ်မိုင်းအန္တရာယ်များ ကြောင့် ဒေသခံများ စပါးစိုက်ပျိုးရန် အခက်အခဲ ကြုံတွေ့နေရကြောင်း စုံစမ်း သိရှိရသည်။
“အလှူရှင်တွေရဲ့ ပံ့ပိုးမှုကြောင့် ကျနော်တို့ရွာက ပျက်စီးသွားတဲ့ အိမ်တွေကို အကုန်လုံးနီးပါး ပြန်ပြုပြင်ပြီးပြီ။ ဒါပေမဲ့ တစ်ခုတော့ရှိတယ်။ မြေမြုပ်မိုင်းက ရှင်းပေးတဲ့သူမရှိလို့ လယ်ယာ၊ တောင်ယာ လုပ်ဖို့ ခက်ခဲနေတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းဆိုရင် လယ်ယာမှာ စပါးပျိုးဖို့ မြက်ရှင်းရင်းနဲ့ မိုင်းထိလို့ ဒဏ်ရာရတယ်” လို့ အုမ္မသီးရွာခံ အမျိုးသားတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် မေ ၂၅ ရက်နေ့မှာ နောင်ချိုမြို့နယ် ကုလားကွဲရွာခံ ဦးလွန်းကြွယ်သည် ကျွဲသွားကျောင်းရင်း မိုင်းနင်းမိပြီး ညာဘက်ခြေထောက် ပြတ်ထွက်သွားခဲ့သလို၊ မေလ ၂၄ ရက်နေ့တွင်လည်း လုံရုံးရွာက ဦးအိုက်စော ခြံရှင်းရင်း မိုင်းနင်းမိပြီး ခြေထောက်တစ်ဖက် ဆုံးရှုံးခဲ့ရသေးသည်။
စစ်လက်နက်အကြွင်းအကျန် မြေမြုပ်မိုင်းကြောင့် ဒဏ်ရာရရှိသွားသည့် ဒေသခံများသည် ဆေးဝါးကုသရန် ငွေကြေးမလုံလောက်သည့်အတွက် အရေးပေါ်အကူအညီများ လိုအပ်ချက်ရှိနေကြောင်း သိရသည်။
“စစ်တပ်က လာရှင်းပေးဖို့မပြောနဲ့ မိုင်းတွေ့တာနဲ့ ရှင်းပေးဖို့ အဆင်မပြေဘူးဆိုပြီး လှည့်ပြန်တဲ့သူတွေချည်းပဲ။ ပြီးတော့ အဲဒီမြေမြုပ်မိုင်းတွေကို စစ်တပ်ကိုယ်တိုင်လည်း ကြောက်လို့ မရှင်းရဲဘူးဆိုတော့ ကျနော်တို့က ဘယ်လိုရှင်းရဲမလဲ။ လက်ဖက်ခြံတချို့၊ ကြံခြံတွေဆိုရင် မီးရှို့ပစ်ရတယ်” ဟု ညောင်တောအုပ်စုနေ အမျိုးသားတစ်ဦးက ပြောသည်။
စစ်လက်နက်အကြွင်းအကျန် မြေမြုပ်မိုင်းများကြောင့် နောင်ချိုမြို့နယ်တွင် မေ ၁ ရက်မှ ၂၉ ရက်နေ့အထိ မိုင်းနင်းမိသူ ၆ ဦးထက်မနည်း ရှိနေပြီဖြစ်ကြောင်း သိရသည်။
“စစ်လက်နက်အကြွင်းအကျန်နဲ့ ပတ်သက်ပြီး ရွာတွေမှာနေတဲ့သူတွေ အထူးဂရုစိုက်ဖို့လိုတယ်။ ဘာလို့လဲဆိုတော့ တိုက်ပွဲဖြစ်ခဲ့တဲ့နေရာ ဖြစ်တဲ့အတွက် တိုက်ပွဲက ပြီးသွားပြီ၊ ဘာမှမဖြစ်တော့ပါဘူးဆိုတဲ့ အတွေးကိုတော့ မရှိစေချင်ဘူး။ တိုက်ပွဲဖြစ်ပွားခဲ့တဲ့နေရာ တောတောင်တွေက အရမ်းကြောက်ဖို့ကောင်းတယ်။ လက်နက်ကြီးတွေ မြေမြုပ်မိုင်းတွေ ရှိနိုင်တဲ့အတွက် အသွားအလာ ဂရုစိုက်စေချင်ပါတယ်လို့ ပြောချင်ပါတယ်ဗျာ။ မိုင်းကြောင့် ဆေးလာကုတဲ့ ရွာခံတွေလည်း မနည်းတော့ဘူး” ဟု နောင်ချိုမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။
နောင်ချိုမြို့ကို ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်း၌ တအာင်းတပ်မတော်နှင့် ပူးပေါင်းတပ်ဖွဲ့မျာက စစ်ကော်မရှင်မှ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သော်လည်း၊ ၂၀၂၅ ခုနှစ် ဇူလိုင်လ ၁၆ ရက်နေ့မှာ စစ်ကော်မရှင်ရဲ့ စစ်ကြောင်းနှစ်ကြောင်း ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် နောင်ချိုမြို့ကို တအာင်းတပ်မတော် (TNLA) က လက်လွှတ်ဆုံးရှုံးခဲ့ရခြင်း ဖြစ်သည်။
