MPT နှင့်တာဝန်မဲ့ ပူးပေါင်းဆောင်ရွက်နေမှုကို အဆုံးသတ်ရန် ဂျပန်ကုမ္ပဏီများအား တောင်းဆို

ဂျပန် နိုင်ငံစုံကုမ္ပဏီကြီးများဖြစ်သည့် KDDI Corporation နှင့် Sumitomo Corporation တို့အနေဖြင့် စစ်အုပ်စုထိန်းချုပ်မှုအောက်ရှိ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) နှင့် တာဝန်မဲ့ပူးပေါင်းဆောင်ရွက်‌နေမှုကို အဆုံးသတ်ရန် Justice For Myanmar၊ Mekong Watch နှင့် ဂျပန်အခြေစိုက် အဖွဲ့အစည်း ၅ ဖွဲ့တို့က တောင်းဆိုလိုက်သည်။

KDDI နှင့် Sumitomo တို့အနေဖြင့် MPT နှင့် ဆက်လက်ပူးပေါင်း ဆောင်ရွက်နေမှုများကြောင့် မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေးဆိုင်ရာ ဆိုးကျိုးသက်ရောက်မှုများ ဖြစ်ပေါ်နေစေသည့်အပေါ် အလေးအနက် စိုးရိမ်ပူပန်ကြောင်းနှင့် မြန်မာနိုင်ငံမှ တာဝန်ယူမှုရှိစွာ ထွက်ခွာရန် မိမိတို့အဖွဲ့အစည်း များက တိုက်တွန်းကြောင်း Justice For Myanmarနှင့် မိတ်ဖက်တို့၏ ပူးတွဲ သတင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

မြန်မာစစ်တပ်က အာဏာသိမ်းကြိုးပမ်းမှုစတင်ပြီး ၅နှစ်အကြာတွင် မြန်မာနိုင်ငံ၏ အင်တာနက် အသုံးပြုမှုသည် ကမ္ဘာပေါ်တွင် ကန့်သတ်ပိတ်ပင်မှု အများဆုံးစာရင်း၌ ပါဝင်လာကြောင်း မကြာ သေးမီ က ပြုလုပ်ခဲ့သော ဟန်ပြရွေးကောက်ပွဲနှင့်အတူ စစ်အုပ်စု၏ ဒစ်ဂျစ်တယ်စောင့်ကြည့် ထောက်လှမ်းမှုနှင့် ဆင်ဆာဖြတ်တောက်မှုများသည် မကြုံစဖူးအဆင့်အထိ တိုးမြင့်လာခဲ့ကြောင်း ထုတ်ပြန်ထားသည်။

၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ၂၇ ရက်တွင် မိမိတို့အဖွဲ့အစည်းများသည် ကုမ္ပဏီများထံ စာရေးသားပေးပို့ခဲ့ ပြီး၊ စစ်အုပ်စု၏ ဒစ်ဂျစ်တယ်စောင့်ကြည့်ထောက်လှမ်းရေးစနစ်အပေါ် Justice For Myanmar ၏ စုံစမ်းဖော်ထုတ်သုတေသနမှ ပေါ်ထွက်လာသော စိုးရိမ်ဖွယ်ရာ အချက်အလက်များကို ထောက်ပြ ခဲ့ကြောင်း အဆိုပါ စုံစမ်းဖော်ထုတ်ချက်တွင် စစ်အုပ်စုနှင့် တရုတ်ကုမ္ပဏီ Geedge Networks တို့အ ကြား သိသာထင်ရှားသော ပူးပေါင်းဆောင်ရွက်မှုများဖြင့် တရုတ်နိုင်ငံ၏ အင်တာနက်ပိတ်ပင်ရေး မဟာရံစနစ် “Great Firewall” စီးပွားဖြစ်ဗားရှင်းကို အကောင်အထည်ဖော်ခဲ့သည်ဟု ဖော်ထုတ်ထား ကြောင်း ထိုစနစ်ကြောင့် စစ်အုပ်စုသည် အရပ်သားပြည်သူများကို ခြေရာခံရှာဖွေခြင်း၊ ဖမ်းဆီးခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် သတ်ဖြတ်ခြင်းများ ပြုလုပ်နိုင်သည့် အလွန်မြင့်မားသော စွမ်းရည်များကို ရရှိခဲ့ကြောင်း ထောက်ပြထားသည်။

ထိုအစီရင်ခံစာအရ MPT သည် စစ်အုပ်စုအတွက် သက်ရောက်မှု ကြီးမားကျယ်ပြန့်သော အဆိုပါ စောင့်ကြည့်ထောက်လှမ်းရေးနှင့် ဆင်ဆာနည်းပညာကို ပထမဆုံး အကောင်အထည်ဖော်ခဲ့သည့် ဆက်သွယ်ရေး အော်ပရေတာများထဲမှ တစ်ခုဖြစ်ကြောင်းနှင့် MPT သည် စစ်အုပ်စု၏ ပြန်ကြားရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဦးစီးချုပ်ရုံးနှင့် ၎င်းတို့၏ ဝါဒဖြန့်ချိရေး ဝဘ်ဆိုဒ်များဖြစ်သော Infosheet နှင့် မြဝတီသတင်း (Myawaddy News) တို့အပါအဝင် ဝါဒဖြန့်ချိရေးဝက်ဘ်ဆိုဒ်များအတွက် ဝက်ဘ်ဆိုဒ်လွှင့်တင်မှု ဝန်ဆောင်မှုများကိုလည်း ဆက်လက်ပံ့ပိုးလျက်ရှိကြောင်းလည်း ထုတ်ပြန်သည်။

Justice For Myanmar ၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ” MPT ဟာ အရပ်သားတွေကို စောင့်ကြည့်ဖို့၊ ဖမ်းဆီးဖို့၊ ညှဉ်းပန်းနှိပ်စက်ဖို့နဲ့ သတ်ဖြတ်ဖို့တွေအတွက် လက်ရှိအသုံးပြုနေတဲ့ စစ်တပ်ရဲ့ ဒစ်ဂျစ်တယ်ထိန်းချုပ်မှုယန္တရားရဲ့ အဓိက အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ Sumitomo နဲ့ KDDI တို့ရဲ့ MPT နဲ့ ဆက်လက်ပူးပေါင်းဆောင်ရွက်နေမှုက မြန်မာပြည်သူတွေအတွက်သာမက လူ့အခွင့်အရေးဆိုင်ရာ ဆိုးကျိုးသက်ရောက်မှုတွေအတွက် နိုင်ငံတကာဥပဒေအရပါ တာဝန်ခံရနိုင် ခြေရှိတဲ့အတွက် ကုမ္ပဏီတွေနဲ့ ရင်းနှီးမြှုပ်နှံသူတွေအပေါ်မှာလည်း အန္တရာယ်ဖြစ်စေပါတယ်။ သူတို့ အနေနဲ့ MPT နဲ့ ပူးပေါင်းဆောင်ရွက်မှုကို ချက်ချင်းအဆုံးသတ်ပြီး တာဝန်သိစွာ ထွက်ခွာသင့်ပါ တယ်” ဟု ပြောသည်။

MPT သည် လက်ရှိ စစ်အုပ်စုထိန်းချုပ်မှုအောက် ရောက်ရှိနေသော ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန (MOTC) နှင့် Sumitomo Corporation၊ KDDI Corporation တို့အကြား ဖက်စပ် ကုမ္ပဏီဖြစ်သည့်် KDDI Summit Global Myanmar Co., Ltd. (KSGM) မှတစ်ဆင့် ပူးတွဲလည်ပတ် လုပ်ကိုင်နေသည့် လုပ်ငန်းတစ်ခု ဖြစ်သည်။

KDDI နှင့် Sumitomo ကုမ္ပဏီများထံ ပေးပို့သောစာများတွင် အများပြည်သူအပေါ် ကျယ်ကျယ်ပြန့် ပြန့် စောင့်ကြည့်ထောက်လှမ်းခြင်းနှင့် ဆင်ဆာဖြတ်တောက်ခြင်းများ အကောင်အထည်ဖော်ရာတွင် MPT ၏ ပါဝင်ပတ်သက်မှုကို သိရှိထားခြင်းရှိ မရှိ၊ လူ့အခွင့်အရေးဆိုင်ရာ အန္တရာယ်များ ပိုမိုမြင့်တက် လာနေသဖြင့် မြန်မာနိုင်ငံရှိ ၎င်းတို့၏စီးပွားရေးလုပ်ငန်းများမှ ရင်းနှီးမြှုပ်နှံမှုများကို ရုပ်သိမ်းရန် ရည် ရွယ်ချက်ရှိ မရှိ၊ စစ်အုပ်စုအတွက် ဝက်ဘ်ဆိုက်လွှင့်တင်မှု ဝန်ဆောင်မှုများ ပံ့ပိုးပေးနေခြင်းနှင့် ပတ် သက်၍ လူ့အခွင့်အရေးဆိုင်ရာ တင်ကြိုစိစစ်မှုများ ပြုလုပ်ထားခြင်း ရှိ မရှိတို့ကို မိမိတို့အဖွဲ့အစည်း များက မေးမြန်းစုံစမ်းခဲ့ကြောင်း ဆိုသည်။

၎င်းတို့၏ အကြောင်းပြန်စာများတွင် ကုမ္ပဏီများက ၎င်းတို့အနေဖြင့် KSGM နှင့် MPT အကြား ချုပ် ဆိုထားသော သဘောတူညီချက်ကို ပြင်ဆင်ခဲ့ပြီး၊ KSGM ၏ ပံ့ပိုးကူညီမှုအခန်းကဏ္ဍကို လျှော့ချခဲ့ ကြောင်း ကုမ္ပဏီများက ၎င်းတို့အနေဖြင့် MPT ၏ ဆက်သွယ်ရေးလုပ်ငန်းများ လည်ပတ် နေမှု များကို ဆက်လက်ပံ့ပိုးပေးသည့် အခန်းကဏ္ဍတွင် ရှိနေဆဲဖြစ်ကြောင်းလည်း မှတ်ချက်ပေးခဲ့သည်။

သို့သော် KSGM အနေဖြင့် MPT နှင့် ပူးတွဲဆောင်ရွက်ရေးသဘောတူညီချက် ရှိနေသော်လည်း မတည်ငွေရင်းဆိုင်ရာ ဆက်နွှယ်မှုမရှိကြောင်း နှင့် MPT ၏ ပူးတွဲလုပ်ငန်းလည်ပတ်မှုများတွင် ပါဝင်ခြင်း မရှိကြောင်း ၎င်းတို့က အခိုင်အမာ ပြောကြားခဲ့သည်။ ထို့အပြင် ၎င်းတို့အနေဖြင့် စောင့်ကြည့်ထောက်လှမ်းရေး ထုတ်ကုန်များနှင့် ဝက်ဘ်ဆိုဒ်ဝန်ဆောင်မှုများနှင့် ပတ်သက်သည့် အသေးစိတ် လုပ်ဆောင်ချက်များကို သိရှိထားခြင်း မရှိသလို၊ သိရှိရန် သို့မဟုတ် မှတ်ချက်ပေးရန် လည်း မရှိကြောင်း ဆိုခဲ့သည်။

Mekong Watch ၏ အမှုဆောင်ဒါရိုက်တာ ယူကာ ကီဂူချီက “ယနေ့အထိ MPT ကို နည်းပညာအမျိုးမျိုး ပံ့ပိုးပေးခဲ့ပြီးဖြစ်တဲ့ KDDI နဲ့ Sumitomo တို့အနေနဲ့ မတည်ငွေရင်းဆိုင်ရာမှာ ဆက်နွှယ်မှုမရှိဘူးလို့ အကြောင်းပြပြီး လူ့အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ရမယ့် သူတို့ရဲ့တာဝန်တွေကို ရှောင်လွှဲလို့မရပါဘူး။ မြန်မာစစ်အုပ်စုက လူ့အခွင့်အရေးချိုးဖောက်မှု‌တွေ ကျူးလွန်နေချိန်မှာ ဒီကုမ္ပဏီနှစ်ခုက MPT ကို ဆက်လက်ပံ့ပိုးပေးနေတာကို လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်ရမယ့် သူတို့ရဲ့တာဝန်ဝတ္တရားတွေ ဖြည့်ဆည်းဆောင်ရွက်နေတာပါလို့ မှတ်ယူလို့ မရနိုင်ပါဘူး” ဟု ပြောသည်။

MPT ၏ ဆက်သွယ်ရေး အခြေခံအဆောက်အအုံသည် စစ်အုပ်စု၏ စောင့်ကြည့်ထောက်လှမ်းရေးနှင့် ဆင်ဆာစနစ်များကို အားပေးပံ့ပိုးနေပြီး၊ KSGM ၏ ဆက်လက်ပံ့ပိုးမှုသည် စစ်အုပ်စု၏ နိုင်ငံတကာ ရာဇဝတ်မှုများ ကျူးလွန်ခြင်းကို အားပေးကူညီရာရောက်နိုင်သည့် အန္တရာယ်ရှိနေကြောင်းလည်း ထုတ်ပြန်ထားသည်။

ကုမ္ပဏီများ၏ အကြောင်းပြချက်ဖြစ်သော မြန်မာပြည်သူများအတွက် ဆက်သွယ်ရေး နည်းပညာ ကွန်ရက်များနှင့် “ဝန်ဆောင်မှုပေးသူများကို နှိုင်းယှဉ်ရွေးချယ်နိုင်သည့် မိုဘိုင်းဖုန်းဂေဟစနစ်” ကို ပံ့ပိုးပေးလိုသည့်အတွက် ၎င်းတို့၏ ပါဝင်ပတ်သက်မှုကို ဆက်လက်ထိန်းသိမ်းထားပါသည် ဆိုသည့် အချက်ကို မိမိတို့အဖွဲ့အစည်းများက ဝေဖန်ခဲ့ကြောင်း MPT နှင့် စီးပွားရေးဆက်လက်လုပ်ကိုင်နေ ခြင်းသည် ကြီးလေးသော လူ့အခွင့်အရေးချိုးဖောက်မှုများ ကျူးလွန်ရာတွင် အသုံးပြုနေသည့် အခြေခံအဆောက်အအုံကို ပိုမိုသက်ဆိုးရှည်စေနိုင်သည့် အန္တရာယ်ရှိကြောင်း လူ့အခွင့်အရေးဆိုင်ရာ စိုးရိမ်ပူပန်မှုများနှင့်ပတ်သက်၍ MPT အား ချဉ်းကပ်ဆွေးနွေးရန် ကြိုးပမ်းမှုမှန်သမျှသည် ကျရှုံးခဲ့ပုံရကြောင်းကို စစ်အုပ်စု၏ ဒစ်ဂျစ်တယ်နည်းပညာဖြင့် ဖိနှိပ်မှုများတွင် MPT သည် အဓိကအခန်းကဏ္ဍမှ ဆက်လက်ပါဝင်နေခြင်းက သက်သေပြလျက်ရှိကြောင်း ထုတ်ပြန်ထား သည်။